DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အရေးယူရန် ILO ပျက်ကွက်ဟု အလုပ်သမားအဖွဲ့အစည်းများပြော
DVB
·
April 20, 2024
စစ်ကောင်စီကို အရေးယူရန် ILO ပျက်ကွက်ဟု အလုပ်သမားအဖွဲ့အစည်းများပြော
Donate to DVB

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ ဆိုးဆိုးဝါးဝါးဖြစ်စေတဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူတာတွေလုပ်ဖို့ ပျက်ကွက်နေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် အလုပ်သမားခေါင်းဆောင်တွေကို မတရားဖမ်းဆီးတာ၊ သမဂ္ဂတွေ ဖြိုခွင်းခံရတာ၊ အတင်းအဓမ္မခိုင်းစေတာနဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက် ခံနေရတာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့သက်သေတွေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ရှိထားပေမယ့် အရေးယူမှုနဲ့ ပတ်သက်လို့တော့ နောက်ဆက်တွဲ လုပ်ဆောင်တာရှိမနေဘူးလို့ သူတို့က ဆိုပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(MICS-TUsF) ရဲ့ တာဝန်ရှိသူတယောက်က  “ဒီလောက်ခိုင်မာတဲ့ သက်သေတွေ ရှိထားပါလျက်နဲ့ အရေးယူဖို့ ကြန့်ကြာနေတဲ့အပေါ်တော့ အားမလို အားမရဖြစ်ရတယ်။ ILO ဆိုတာကလည်း သုံးပွင့်ဆိုင်ယန္တရားနဲ့ လည်ပတ်နေတာဖြစ်လို့ တွက်ဆနေရတာ မပြောတတ်ဘူး။ သူတို့အနေနဲ့ ဘယ်လို ထိရောက်တဲ့ အရေးယူမှုမျိုး လုပ်သွားမလဲဆိုတာကို ကျနော်တို့ မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ILO အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ထွက်ရှိခဲ့ပြီး အဲဒီအစီရင်ခံစာမှာ အာဏာသိမ်းပြီးတဲ့နောက် အဓမ္မစေခိုင်းမှုတွေ၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်ခံနေရတဲ့ အချက်တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို တုံ့ပြန်ချေပဖို့ အချိန်ပေးခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ ချေပမှု တစုံတရာမရှိခဲ့ပါဘူး။

MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကို မတရားဖမ်းဆီးထားတာကနေ ပြန်လွှတ်ပေးဖို့ ဒါ့အပြင် ILO က မတ်လမှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြီး တောင်းဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ အဲဒီသူတွေကို မလွှတ်ပေးဘဲ ILO ရဲ့ တောင်းဆိုတာကို စစ်ကောင်စီက လျစ်လျူရှုခဲ့ပါတယ်။

MICS-TUsF တာဝန်ရှိသူက “စစ်ကောင်စီက ILO ကိုလည်း အရေးမစိုက်ဘူးဆိုတဲ့ မထီမဲ့မြင်သဘော လုပ်ပြနေတာလို့ ပြောလို့ရတယ်” လို့ပြောပါတယ်။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတယောက်ကလည်း ILO အနေနဲ့ စစ်ကောင်စီကို အရေးယူဖို့ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်မှ နိုင်ငံတကာယုံကြည်မှုကို ရနိုင်မယ်လို့ဆိုပါတယ်။

ILO အနေနဲ့ ဒီနှစ်လယ်ပိုင်းမှာပြုလုပ်မယ့်ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် တခုခု ထွက်ရှိလာဖို့ အလုပ်သမားအဖွဲ့တွေက မျှော်လင့်နေကြပြီး ပြည်တွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေနဲ့ပတ်သက်လို့ အစီရင်ခံစာတွေပေးပို့သွားဖို့ကို အဲဒီ အလုပ်သမားအဖွဲ့တွေက ပြင်ဆင်နေကြတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013