Home
မြန်မာသတင်း
စစ်သင်တန်းကျောင်း ၂ ကျောင်း ပစ်ခံရပြီးနောက် သင်တန်းသားများကို ပြင်ပနှင့်ဆက်သွယ်ခွင့် ပိတ်
DVB
·
April 19, 2024

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေတဲ့ တကက ၁၂ ပလောက်၊ စခတ ၁ မင်းကုန်းနဲ့ တကက ၁ ဂျိုးဖြူမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် သင်တန်းသားတွေကို ပြင်ပနဲ့ဆက်သွယ်ခွင့် ပိတ်လိုက်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်း ဧပြီ ၁၆ ရက် ညနေ ၄ နာရီက ဒရော့ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် ပြင်ပနဲ့ဆက်သွယ်ခွင့်ကို ပိတ်လိုက်တာလို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ပလောက် တကက ၁၂ ဒရော့ဗုံးချခံရတယ်၊ သင်္ကြန်အတက်နေ့က၊ တပ်ဘက်က ဆေးရုံကို ဒရော့ဗုံးချတာပဲ သတင်းထုတ်တာ၊ စစ်သင်တန်းထဲကျတာ မပါဘူး။ အဲ့နေ့မတိုင်ခင် မင်းကုန်းဘက်မှာ ဖြစ်သွားတဲ့ ပစ်ခတ်မှုဖြစ်စဥ်ကတည်းက သင်တန်းသားတွေကို ပြင်ပနဲ့ မဆက်သွယ်ဖို့ဘဲ ပြောတာ၊ အခု ဖုန်းတွေပါ သိမ်းလိုက်တယ်။”

စစ်မှုထမ်းသင်တန်း ရောက်လာသူတွေထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ရှိသလို စစ်တပ်ကို မုန်းတီးနေတဲ့သူတွေလည်း ပါလာတဲ့အတွက် သင်တန်းကို အထူးဂရုစိုက်ရပြီး တပ်တွင်းအခြေအနေကို မသိရှိရအောင် ထိန်းသိမ်းထားရတယ်လို့ သင်တန်းကျောင်းတခုမှ အမည်မမော်လိုသူတဦးက DVB ကို ပြောပါတယ်။

“အတော်လေး သတိထားရပါတယ်။ ပြင်ပအခြေအနေရယ်၊ သင်တန်းကျောင်းရဲ့ ဖွဲ့စည်းပုံရယ်၊ တပ်တွင်းအနေအထားကို ပေးမသိဖို့ မှာထားတယ်။ သင်တန်းဆရာ ၁၀ ယောက်လောက် ထားတယ်။ ပြောရရင် သင်တန်းသားတွေက သင်တန်းကျောင်းကို ပြန်သိမ်းသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။”

အမှတ် ၁ စစ်အခြေခံသင်တန်းရောက်စမှာ မိသားစုနဲ့ အဆက်အသွယ်ရပြီး ဧပြီ ၁၃ ရက်မှစတင်ကာ ဖုန်းတွေစက်ပိတ်ထားပြီး ဆက်သွယ်မရတော့ဘူးလို့ လှည်းကူးမြို့ခံတဦးက DVB ကို ပြောပါတယ်။

“စတခ ၁ မင်းကုန်းရောက်ခါစက သားလေးက တစ်တော့မှာ သင်တန်းကျောင်းနဲ့ ပတ်သက်ပြီး ပုံတွေတင်တယ်။ ၁၃ ရက်နောက်ပိုင်း အကောင့်ပါဖျက်ပြီး ဖုန်းပိတ်သွားတယ်။ မိဘတွေက သွားတွေ့တော့လည်း ပေးမတွေ့ဘူး။ စားစရာပို့ချင်တာတောင် ဂိတ်ဝမှာ အတော်စစ်တာ။” 

တိုက်ကြီးမြို့နယ် ဖောင်ကြီး-တိုက်ကြီးကားလမ်းမှာ ယာဥ်စစ်ဆေးနေတဲ့အဖွဲ့ ဧပြီ ၁၀ ရက် နေ့လယ် ၂ နာရီခွဲက သေနတ်နဲ့ပစ်ခံရပြီးနောက် တိုက်ကြီးစစ်သင်တန်းကျောင်းနဲ့ မင်းကုန်းစစ်သင်တန်းကျောင်းကို လုံခြုံရေးအပြည့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး မတ် ၂၉ ရက်မှစတင်ကာ သင်တန်းကျောင်း ၁၅ ကျောင်းမှာ ပထမအကြိမ် စစ်မှုထမ်းသင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024