DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ လျှို့ဝှက်နေရာသို့ ပြန်ပို့အကျဉ်းချထားဟု သတင်းထွက်
DVB
·
April 18, 2024
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ လျှို့ဝှက်နေရာသို့ ပြန်ပို့အကျဉ်းချထားဟု သတင်းထွက်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင် မပို့ခင်တုန်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ လျှို့ဝှက်နေရာတနေရာမှာ စစ်ကောင်စီက  ပြန်ပို့ပြီး အကျဉ်းချထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အချုပ်ထောင်တွေကနေ နေရာပြောင်းရွှေ့ထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာစသိမ်းတဲ့အချိန်က  ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် မြနန်းဘုံသာလမ်းရှိ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။

ဒီနောက် ၂၀၂၁ ဧပြီ ၂၃ ရက်ကနေ  ၂၀၂၂ ဇွန်လ ၂၂ ရက်အထိ ၁ နှစ်နဲ့ ၂ လကြာ နေပြည်တော်က လျှို့ဝှက်နေအိမ်တအိမ်မှာ ထိန်းသိမ်းထားကာ အမှုတွေရင်ဆိုင်ခဲ့ရပါတယ်။ ထောင်ဒဏ် အမိန့်ချပြီး နောက်မှာတော့ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပြီး ၁ နှစ်နဲ့ ၁၀ လ ဝန်းကျင်အကြာ အခုနှစ် သင်္ကြန်ကာလမှာ နေရာပြောင်းရွှေ့ချုပ်ထားတဲ့ ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်တုန်းက ထားခဲ့ဖူးတဲ့ လျှို့ဝှက်နေရာကို ပြန်ပို့ပြီး အကျဉ်းချထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက သီးခြား အတည်ပြုချက်တော့ မယူနိုင်သေးပါဘူး။

ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က “သင်္ကြန်အတက်နေ့ ဧပြီ ၁၄ ရက် ညနေပိုင်းမှာ ပြောင်းတယ်လို့ သိထားပါတယ်။ ဘယ်နေရာတုန်းဆိုတော့ မူလကထိန်းသိမ်းထားတဲ့နေရာလေ။ မူလက ထိန်းသိမ်းထားတဲ့နေရာမှာပဲ အသီးသီးပြန်ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။ နဂိုက အချုပ်ထောင်ထဲကို မပြောင်းခင်တုန်းက ထားခဲ့တဲ့နေရာရှိတယ်လေ။ ဝန်ကြီးအဆင့် နေအိမ်ရှိတယ်လေ။ အဲ့ဒီမှာပြောင်းရွှေ့ပြီးထားတယ်လို့ သိရတယ်။ အကြမ်းဖျင်းတော့ အဲဒီလိုတော့ သိတယ် အတည်တော့မပြုနိုင်သေးဘူး”လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ အပြောင်းအရွှေ့ သတင်းတွေ တကယ်ဟုတ်မဟုတ်ဆိုတာ ခိုင်လုံတဲ့တဲ့ သတင်းမှမရသေးဘဲ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံရဲ့ ပြောစကားအဆင့်မှာသာရှိနေတယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့ဘက်က အတိအကျ ဘာမှမသိရသေးဘူး။ သူတို့ပြောတာပဲ ရှိတယ်တဲ့။ သိနိုင်တဲ့ ပုဂ္ဂိုလ်တွေဆီကလည်း အတိအကျမသိသေးဘူး။ နောက်တခု အနီးစပ်ဆုံးထောင်နဲ့ ဆက်သွယ်လို့ရတဲ့ ပုဂ္ဂိုလ်တွေကလည်း သတင်းအတိအကျ ဘာမှမရသေးဘူးလို့ ပြောတယ်။ တနင်္လာနေ့လောက်မှ သိရမယ်လို့ပြောတယ်။ ကြားထဲမှာ ဘယ်လိုမှ ဆက်စပ်လို့မရဘူး။ ထောင်နဲ့လည်း ဆက်စပ်လို့မရဘူး ဖြစ်နေတယ်လို့ သိရတယ်။ ဘယ်မီဒီယာမှ သူတို့က ပြောတဲ့ဟာပဲ ရှိတယ်။ တကယ်တိကျအောင် ထောင်ကနေဖြစ်စေ၊ နီးစပ်တာကဖြစ်စေ ဘာတခုမှ သတင်းမရဘူး ဖြစ်နေတယ်။”

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးမောင်အေးနဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့အပါအဝင် နိုင်ငံရေးသမားဟောင်း တချို့နဲ့  နေပြည်တော်မှာ မကြာသေးခင်က တွေ့ဆုံခဲ့ပါတယ်။ 

ဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှာ ရာသီဥတု ပူပြင်းတာကြောင့် နေရာ ရွှေ့ပြောင်းထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဟာ တွေ့ဆုံမှုတွေရဲ့ အကျိုးဆက်တခု ဖြစ်နိုင်တယ်လို့ ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ခန့်မှန်းပါတယ်။

“ရာသီဥတုကြောင့်တော့ အဓိက ၁ ပေါ့ကွာ။ ဒါပေမဲ့ သူတို့ အဲဒီလောက်ကြီး စေတနာမရှိပါဘူး။ တရုတ်သံအမတ်ကြီး ဆွေးနွေးတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းတွေ ဘာတွေလည်း ပါလိမ့်မယ် ထင်တယ်။ အဲဒီမျက်နှာတွေ ထောက်ထားပြီးတော့ ခုဥစ္စာကလည်း တရုတ်သံအမတ်ကြီး ရောက်လာပြီး စကားတွေ ဘာတွေပြောတဲ့အခါမှာ အဲဒီလိုလည်း ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ သူတို့ သိပ်ပြီးတော့ သနားကရုဏာရှိပြီးတော့ ရာသီဥတုပူလို့တို့ ဘာတို့ သိပ်ခေါင်းထဲ ထည့်စဉ်းစားတဲ့ကောင်တွေ မဟုတ်ပါဘူး။”

မြန်မာ့နိုင်ငံရေး လေ့လာသူတွေကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ ချုပ်နှောင်တာဟာ နိုင်ငံရေးရည်ရွယ်ချက် ပါရှိလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၇ ရက်မှာ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ ဒုဝန်ကြီးအဆင့် နေအိမ်ကို ပြောင်းရွှေ့ပေးမယ်၊ ရန်ကုန်ရှိ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဆီ ရွှေ့ပြောင်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ (၁၄) ခုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားကာ နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချထားခဲ့တာပါ။

အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ စစ်ကောင်စီက တောင်ငူထောင်မှာ ထိန်းသိမ်းခဲ့ပြီး ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013