DVB Logo
Home
မြန်မာသတင်း
ပုသိမ်၊ မြိတ်နှင့် လားရှိုးထောင်တို့မှ အကျဉ်းသား ၈၀ ကျော်လွတ်၊ နိုင်ကျဉ်း အနည်းငယ်သာပါဝင်  
DVB
·
April 18, 2024
ပုသိမ်၊ မြိတ်နှင့် လားရှိုးထောင်တို့မှ အကျဉ်းသား ၈၀ ကျော်လွတ်၊ နိုင်ကျဉ်း အနည်းငယ်သာပါဝင်  
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကနေ နှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက် ညနေ ၄ နာရီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၇ ယောက် ပြန်လွတ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

မြန်မာ နှစ်ဆန်း ၁ ရက် ဒီနေ့ ဧပြီ ၁၇ ရက် ကျရောက်တဲ့ နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းက အကျဉ်းသား အကျဉ်းသူ ၃၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာမှာ ဧရာဝတီတိုင်း ပုသိမ် အကျဉ်းထောင်ကနေ အကျဉ်းသား၊ အကျဉ်း သူ ၅၇ ယောက်ပြန်လွတ်လာပြီး နိုင်ငံရေး အကျဉ်းသား ၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

“လွတ်မြောက်လာတဲ့ အကျဉ်းသား ၅၇ ယောက်ထဲက နိုင်ငံရေးအကျဉ်းသား ၄ ယောက်ပဲ ပါတယ်။ အကျဉ်းထောင်ရှေ့မှာ လာစောင့်နေ တဲ့သူတွေကတော့ မနည်းဘူး။ အခုလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာလည်း ကျော်ကြားသူတွေမပါဘူး” လို့ ပုသိမ် အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပုသိမ် အကျဉ်းထောင်ထဲက ပြန်လွတ်လာတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၇ ယောက်ထဲမှာ အမျိုးသား ၅၅ ယောက်၊ အမျိုး သမီး ၂ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်/ကျဉ်း မိသားစုဝင်တယောက်က “ဒီနေ့ ညပိုင်းအထိ စောင့်မယ်လေ၊ ပထမ လွှတ်တဲ့အထဲမှာတော့ ကျမ မောင်လေး မပါလာဘူး။ ဒီနေ့ လွှတ်ပေးမယ့် အထဲမှာ ပါမယ်ထင်တာ။ မောင်လေးက လွတ်ဖို့ လပိုင်းလေးလောက်ပဲ လိုတော့တာ။ သူများတွေရဲ့ မောင်လေးတွေ လွတ်တဲ့အထဲ ပါလာပြီး ကိုယ့်မောင်လေးမပါတော့ စိတ်ထဲလည်း မကောင်းဘူး ရင်ထဲမှာလည်း လှုပ်ရှားနေတယ်” လို့ ပြောပါတယ်။

အခု ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅၇ ယောက်ထဲမှာ သတ်မှတ်လွတ်ရက် ပြည့်ဖို့ လပိုင်းနဲ့ ရက်ပိုင်းလောက်သာ လိုတော့တဲ့ အကျဉ်းသားတွေ များတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်ကနေ ဧပြီ ၁၇ ရက်၊ နေ့လယ်ပိုင်းမှာ အကျဥ်းသား ၁၀ ဦး၊ အကျဥ်းသူ ၁ ဦး စုစုပေါင်း ၁၁ ဦး ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီက မြန်မာနှစ်သစ် အထိမ်းအမှတ်အနေနဲ့ မြိတ်အကျဥ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဥ်းသားတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတဦး ပါဝင်တယ်လို့ သိရပါတယ်။

မြိတ်နိုင်ငံရေးအကျဥ်းသားတဦးက “ကျနော်တို့က နိုင်ကျဉ်းတွေနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ အများကြီး မမျှော်လင့်ထားပါဘူး။ ဘာကြောင့်ဆို ဒီစစ်အုပ်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ သူတို့အနေနဲ့ အင်မတန်စိုးရိမ်ကြောက်ရွံ့မှုတွေ အမြဲရှိပြီးသား။ အခုလည်း သူတို့လွတ်ပေးမဲ့ ပုဒ်မတွေ ပြစ်မှုတွေကို ကြည့်ရင်သိနိုင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက “လက်ရှိမှာ စကစက စစ်ရေးမှာရော၊ သံတမန်ရေးမှာရော အခက်အခဲဆုံး အခြေအနေဖြစ်နေတယ်။ နိုင်ကျဥ်းတွေကို လွှတ်ပေးဖို့ဆိုတာကလည်း သူတို့အတွက် စိန်ခေါ်မှုဖြစ်နေတယ်။ နိုင်ငံတကာက ဖိအားပေးတဲ့အချိန်မှာ နိုင်ကျဥ်းတွေကို အတိုင်းအတာတခုအထိ လွှတ်ပေးပေမဲ့ ပုံမှန်အခြေအနေမှာဆို ဟန်ပြလောက်သာ လွှတ်ပေးတယ်။ နိုင်ကျဥ်းတွေဟာ ပုဒ်မအမျိုးမျိုး မတရားတပ်ခံထားရပြီး သူတို့(စကစ) အကျပ်အတည်းဖြစ်တဲ့အချိန်မှာ နိုင်ငံရေး လှည့်ကွက်တခုအနေနဲ့ အသုံးပြုဖို့အတွက် ဆက်ပြီးတော့ ထားထားလိမ့်မယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဧပြီ ၁၇ ရက်မှာ လားရှိုးအကျဥ်းထောင်က အကျဥ်းသား ၁၅ ဦး လွတ်မြောက်လာတယ်လို့ သိရပါတယ်။

“ဘယ်အချိန် လွတ်လိုက်မှန်းမသိလိုက်​ကြဘူး။ ရဲတွေကိုယ်တိုင် လိုက်ပို့တယ်လို့ကြားတယ်။ သွားစောင့်တဲ့သူလည်းမရှိကြဘူး” လို့ လားရှိုးဒေသခံတဦးက ပြောပါတယ်။

မနက် ၁၁ နာရီလောက်ကတည်းက မိုးရွာနေတာကြောင့် မိသားစု ဆွေမျိုးတွေ လာစောင့်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အကျဥ်းထောင်နဲ့ နီးစပ်သူတဦးက “၁၅ ယောက်လွတ်တယ်။ လားရှိုးနဲ့ မူဆယ်က ဦးရေများပြီး သိန္နီ၊ နောင်ချို၊ သီပေါက အကျဥ်းသားတွေပါတယ်" လို့ အတည်ပြုပြောပါတယ်။

စစ်ကောင်စီက နှစ်သစ်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအကျဥ်းထောင်၊ အချုပ်ထောင် အသီးသီးမှာရှိတဲ့ အကျဥ်းသား ၃၃၀၃ဦးကို ခံဝန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက်မှာ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013