DVB Logo
Home
မြန်မာသတင်း
အလဲထိုးခံနေရသည့် မြန်မာစစ်တပ် နံပါတ်စဉ် ရေတွက်နေရပြီဟု ထိုင်းပညာရှင် သုံးသပ်
DVB
·
April 17, 2024
အလဲထိုးခံနေရသည့် မြန်မာစစ်တပ် နံပါတ်စဉ် ရေတွက်နေရပြီဟု ထိုင်းပညာရှင် သုံးသပ်
Donate to DVB

အလဲထိုးခံနေရတဲ့ စစ်ကောင်စီရဲ့ ကျဆုံးချိန်ကို နံပါတ်စဉ် စတင်ရေတွက်နေရပြီ ဖြစ်တယ်လို့  ထိုင်းနိုင်ငံ တမားဆက်တက္ကသိုလ်  အရှေ့တောင်အာရှရေးရာလေ့လာမှု တွဲဖက်ပါမောက္ခ ဒူလီယာပတ်ခ်ပရီခါရှပ်က သုံးသပ်ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနရဲ့ မေးမြန်းချက်ကို တွဲဖက်ပါမောက္ခ ဒူလီယာပတ်ခ်ပရီခါရှပ်က သုံးသပ်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာစစ်တပ်က အခုအချိန်မှာ နံပါတ်စဉ် ရေတွက်နေရပါပြီ။ တောင်တန်းနယ်စပ်တလျှောက်ကို တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လာလိုက်တာ အခုဆိုရင် မြန်မာစစ်တပ်ကို ဝိုင်းထားသလို ဖြစ်လာပါပြီ။ ဒီအခြေအနေဟာ စစ်ဆင်ရေးအားလုံးကို ထိန်းချုပ်နေတဲ့ နေပြည်တော်က ဗဟိုကွပ်ကဲမှုအတွက်ပါ ခက်ခဲတဲ့ အခြေအနေ ရောက်လာစေပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအဓိကနေရာတခု ဖြစ်တဲ့  ကရင်ပြည်နယ် မြဝတီက မြန်မာစစ်တပ်အတွက် ဘယ်လောက် အရေးပါပါသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးလည်း  တွဲဖက်ပါမောက္ခ ဒူလီယာပတ်ခ်ပရီခါရှပ်က ဖြေကြားသွားပါတယ်။

“မြန်မာစစ်တပ်အတွက် မြဝတီကို ပြန်သိမ်းနိုင်ရင် စီးပွားရေးအသက်သွေးကြောကို ပြန်ရလိုက်သလိုပါပဲ။ အတိုက်အခံတွေ ဒါမှမဟုတ် KNU က ဆက်ထိန်းထားမယ်ဆိုရင် မြန်မာပြည်ရဲ့ အဓိက မြို့ကြီးတွေဖြစ်တဲ့ မော်လမြိုင်တို့ ရန်ကုန်တို့မှာပါ တဖြည်းဖြည်း သက်ရောက်လာပါလိမ့်မယ်။”

မြဝတီဖြစ်စဉ်ဟာ မြန်မာစစ်တပ်ရဲ့ လက်ရှိအနေအထားကို ဘယ်လို ထင်ဟပ်တယ် ထင်ပါသလဲ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးလည်း “ဒီဖြစ်စဉ်ဟာ စုပုံလာတဲ့ အားနည်းချက်တွေကို ထင်ဟပ်စေပါတယ်။ အထူးသဖြင့် မြန်မာစစ်သားတွေရဲ့ စိတ်ဓာတ်နဲ့ ခွန်အားပိုင်း အားနည်းလာတာပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်က အာဏာသိမ်းမှုကြောင့် တပ်တွေက အားနည်းပြီး မောပန်းနေကြချိန်မှာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုအများအပြား ကြုံရတဲ့အခါ စိတ်ဓာတ်ပိုပျက်ပြားလာပါတယ်။ သူတို့အသက်နဲ့ သူတို့မိသားစု အသက်တွေ မဆုံးရှုံးဖို့ဆိုရင် စကတည်းက လက်နက်ချလိုက်တာက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လာပါတယ်။ မြန်မာစစ်တပ် အနာဂတ်မှာ ဘာဆက်ဖြစ်မယ်မျှော်လင့်ပါသလဲ”လို့ တွဲဖက်ပါမောက္ခ ဒူလီယာပတ်ခ်ပရီခါရှပ်က ပြောပါတယ်။

ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်  ဧပြီ ၁၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) အလံကို လွှင့်တင်ခဲ့ပါတယ်။ 

တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြဝတီမြို့ကို ပြန်သိမ်းနိုင်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း လမ်းမှာဖြတ်ပြီး တိုက်ခိုက်တွန်းလှန်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အဓိကနယ်စပ် ကုန်သွယ်ရေးမြို့ မြဝတီကို တော်လှန်ရေးတပ်တွေက သိမ်းနိုင်ခဲ့တာဟာ တိုက်ရည်ခိုက်ရည်ကောင်းလှပါတယ်ဆိုတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီအတွက် နောက်ထပ်အရေးနိမ့်မှုတခု ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရထံကနေ အာဏာသိမ်းခဲ့တဲ့  စစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ထိုင်းနယ်စပ်အပြင် အိန္ဒိယနဲ့ တရုတ်နယ်စပ်က အဓိကနေရာတွေကိုလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013