Home
မြန်မာသတင်း
နေပြည်တော် အန္တရာယ်ကင်းစေရန် ဘုန်းကြီးများကို ရဟတ်ယာဥ်ဖြင့် ပရိတ်ရွတ်ခိုင်း
DVB
·
April 17, 2024

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ အများစုနေထိုင်ရာ နေပြည်တော်မှာ တိုက်ခိုက်မှုကင်းဝေးပြီး ဘေးအန္တရာယ် မကျရောက်စေဖို့   မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက် ဒီနေ့မနက်က စစ်ခေါင်းဆောင်က ဘုန်းကြီးတွေကို ခေါ်ယူကာ ရဟတ်ယာဉ်နဲ့ ပရိတ်ရွတ်ခိုင်းခဲ့တယ်လို့ နေပြည်တော်တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံတော်သံဃနာယကအဖွဲ့က ဆရာတော်တွေကို စစ်ခေါင်းဆောင်က ပင့်ဖိတ်ကာ အေလာလေတပ်စခန်းထဲမှာ အန္တရာယ်ကင်းပရိတ်တရားနာခဲ့သလို နေပြည်တော်တဝိုက် မေတ္တာသုတ်တွေ ရွတ်ခဲ့တယ်လို့  လေတပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ပြင်ဦးလွင်မှာ တပ်ချုပ်ကိုယ်တိုင် တိုက်ခိုက်ခံရတာရယ်။ နောက်ရက်မှာ သူရဲ့ ပီအေဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ရဲထွန်းအောင် ထပ်ပြီးတိုက်ခိုက်ခံရတယ်။ ပြီးတော့ ဒုချုပ်ကိစ္စလည်းရှိတယ်။ အဲဒါကြောင့် အန္တရာယ်ကင်းပရိတ်နာတာ။” 

အေလာလေတပ်မှ ဗိုလ်မှုးကြီးမျိုးဝင်းဦးစီးကာ နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ၊ ကက(ကြည်း)ရုံး၊ စစ်ရုံးချုပ်၊ ကောင်စီဝင်ရုံးနဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွေမှာ မေတ္တာသုတ်နဲ့ အန္တရာယ်ကင်း ပရိတ်နာခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်က  DVB ကို ပြောပါတယ်။

“နေပြည်တော်တခုတည်း မဟုတ်ဘူး။ တပ်မ ၁၁ ကနေ ၁၀၁ အထိ အကုန်လုပ်ရတယ်။ မြဝတီ အမှတ် ၂ တံတားမှာရှိတဲ့ ခလရ ၂၇၅ တောင် နီးစပ်ရာ ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်း ယတြာလုပ်ရတာ။” 

ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရပြီးနောက်  စစ်ခေါင်းဆောင်အတွက် သူ့ရဲ့ဇနီး ဒေါ်ကြူကြူလှက ဧပြီ ၁၆ ရက်မှာ ပြင်ဦးလွင်တပ်နယ်ရှိ ဒုဗိုလ်ချုပ်ကြီးကိုကိုဦး မိန်းမရဲ့ အဆက်အသွယ်နဲ့ ဆရာတော်တပါးနဲ့တွေ့ဆုံကာ အခုလိုယတြာချေခဲ့တာလို့ ပြင်ဦးလွင်တပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ပြင်ဦးလွင်ပစ်ခတ်မှုပြီးတော့ တပ်ချုပ်ကပြန်သွားတယ်။ မနေ့ကတပ်ချုပ်ကတော် ရောက်လာပြီး ကစထမှူးရဲ့ မိန်းမအဆက်အသွယ်နဲ့ ဘုန်းကြီးတပါးနဲ့တွေ့ပြီး ယတြာချေတာလို့ သိရတယ်။”

ဧပြီ ၉ ရက်မှာ မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရောက်နေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ဧပြီ ၁၄ ရက်ကလည်း ပြင်ဦးလွင်မှာ စစ်ခေါင်းဆောင်ရောက်နေချိန် ရှော့တိုက်ဒုံးနဲ့ ပစ်ခံရပြီးနောက်  အခုလို ယတြာတွေလုပ်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024