DVB Logo
Home
မြန်မာသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် NLD ဝန်ကြီး ၂ ဦး မြစ်ကြီးနားထောင်မှ လွတ်မြောက်
DVB
·
April 17, 2024
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် NLD ဝန်ကြီး ၂ ဦး မြစ်ကြီးနားထောင်မှ လွတ်မြောက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံနေရတဲ့ KBC ဥက္ကဋ္ဌဟောင်း  သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရ ဝန်ကြီး ဦးဇော်ဝင်းနဲ့  ဦးနေဝင်းတို့ကို ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီလောက်မှာ လွတ်မြောက်လာပါတယ်။

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀  ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်လည်းပါဝင်လာတာလို့ သူ့ရဲ့  ရှေ့နေက အတည်ပြု ပြောပါတယ်။

“ဆရာကြီးကတော့ လွတ်လာပြီ၊ လွတ်ငြိမ်းချမ်းသာနဲ့ပဲ  ပြစ်ဒဏ်ချခံရတာက ၂၀၂၃ ခုနှစ်မှာ အခု တနှစ်ကျော်အတွင်း လွတ်လာတယ်။ အမိန့်ကျတာက စုစုပေါင်း ၆ နှစ်။” 

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ရာဇသတ်ကြီး ပုဒ်မ၅၀၅(က)တို့နဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၆ နှစ်ချမှတ်ကာ မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့လည်း ဒီနေ့ ပြန်လွတ်မြောက်လာတယ်လို့ မြစ်ကြီးနား NLD လူငယ်အဖွဲ့ဝင် တဦးက ပြောပါတယ်။

“ဦးနေဝင်းနဲ့ ဦးဇော်ဝင်းတို့လည်း ထပ်လွတ်လာတယ်လို့ ကြားတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကော လွတ်လာပြီလို့ ကြားတယ်။ တခြားဘယ်သူတွေပါလဲဆိုတာတော့ သေချာမသိရသေးဘူး။ မူးယစ်မှုနဲ့ ကျနေတဲ့သူတွေကော ပါတယ်။”

လွတ်မြောက်လာတဲ့ ပြည်နယ်ဝန်ကြီး ၂ ဦးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက  ဖမ်းဆီးခံရတာဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၅၅)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံထားရပါတယ်။

မြစ်ကြီးအကျဉ်းထောင်မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ပါတီဝင်တွေကတော့  ဖမ်းဆီးထောင်ချခံနေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက မြန်မာနှစ်သစ် အထိမ်းအမှတ်အနေနဲ့ တနိုင်ငံလုံးက အကျဉ်းသား ၃၀၀၀ကျော်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013