DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် သင်္ကြန်မဏ္ဍပ်ကို သွားလာခြင်းမရှိဘဲ အိမ်တွင်းပုန်းနေ
DVB
·
April 16, 2024
စစ်ခေါင်းဆောင် သင်္ကြန်မဏ္ဍပ်ကို သွားလာခြင်းမရှိဘဲ အိမ်တွင်းပုန်းနေ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းသင်တန်းကျောင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ခေါင်းဆောင်က သင်္ကြန်မဏ္ဍပ်တွေကို သွားရောက်ခြင်း မရှိဘဲ နေအိမ်မှာပဲ နေထိုင်တယ်လို့ တပ်မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

​စစ်ခေါင်းဆောင်က ပြင်ဦးလွင်တပ်နယ်မှာ စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းတွေနဲ့အတူ သင်္ကြန်ကို ဆင်နွှဲဖို့ ဧပြီ ၁၃ ရက်က ရောက်ရှိခဲ့ပြီး ဧပြီ ၁၄ ရက်ညက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် သင်္ကြန်ပွဲကို သွားရောက်ခြင်းမရှိဘဲ ရှောင်နေတာလို့ ပြင်ဦးလွင်တပ်နယ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“အမှန်က ပြင်ဦးလွင်မှာနေပြီး လပခတပ်ထဲ သင်္ကြန်သွားမှာပေါ့။ ၁၃ ရက်နေ့က ရောက်ပြီး တပ်နယ်မှူးတွေကို လက်ဆောင်တွေ ပေးတယ်၊ ၁၄ ရက်ည DSA ထဲကို ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတော့ လေယာဥ်နဲ့ နေပြည်တော်ကို ပြန်သွားတာ။” 

နေပြည်တော်မှာ ပြုလုပ်တဲ့ သင်္ကြန်ကို ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့သာ တက်ရောက်ပြီး စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တို့ တက်ရောက်ခြင်းမရှိဘူးလို့ နေပြည်တော်တပ်နယ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ပြင်ဦးလွင်မှာ တပ်ချုပ်က ခြေထောက်ဒဏ်ရာရတယ်၊ အများကြီးတော့ မဟုတ်ဘူး။ အိမ်မှာပဲ နားနေတယ်။ ဒုချုပ်က ရတခမှာ ဒဏ်ရာရတယ်၊ ဆေးကုနေတယ်။ တကယ်တမ်း အပြင်မှာရှိနေရင် လူခွဲပြီးသွားမှာပေါ့။ ခဏခဏ အပစ်ခံနေရတော့ လူစည်တဲ့နေရာ မသွားချင်တာလည်းပါမှာ။” 

ပြင်ဦးလွင်ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ အရပ်သား ၁၂ ဦးဒဏ်ရာရပြီး ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။  

စစ်မှုထမ်းဟောင်းတဦးကတော့ ဗိုလ်လောင်းသင်တန်းကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဗိုလ်လောင်းတဦး သေဆုံးကာ အရာရှိ၊ စစ်သည် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ DVB ကို ပြောပါတယ်။

“တပ်ဘက်က အရပ်သားထိတာပဲ ထုတ်ပြန်တာ။ သင်တန်းကျောင်းက သေသွားတဲ့ ဗိုလ်လောင်း နာမည်တွေ မထုတ်ပြန်ဘူး။ ဆေးရုံတင်ထားတာ ၂ ယောက် ရှိတယ်၊ သူ့မိသားစုဝင်တွေတောင် သေတယ်ဆိုတာ တင်ထားတယ်။” 

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေတောင်တိုင်းစစ်ဌာနချုပ်မှာ ဧပြီ ၉ ရက်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်ကာ  စစ်ဆင်ရေးအစည်းအဝေးလုပ်နေစဥ် ဒရော့ဗုံးနဲ့ ပစ်ခတ်ခံရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နေပြည်တော် စစ်ရေးချုပ်ရုံးနဲ့ အေလာလေဆိပ်တို့ ဒရုန်းနဲ့ ၂ ကြိမ်တိုင် တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013