DVB Logo
Home
မြန်မာသတင်း
လွယ်ဂျယ်လမ်း ပိတ်ထားသဖြင့် တရက်ကို ငှက်ပျော၊ ဖရဲ ကားအစီးရေ ရာချီ စွန့်ပစ်နေရ
DVB
·
April 13, 2024
လွယ်ဂျယ်လမ်း ပိတ်ထားသဖြင့် တရက်ကို ငှက်ပျော၊ ဖရဲ ကားအစီးရေ ရာချီ စွန့်ပစ်နေရ
Donate to DVB

တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တရုတ်-မြန်မာ နယ်စပ်၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်လမ်းပိတ်ထားတာကြောင့် လက်ရှိ တရက်ကို ပျမ်းမျှ ငပျောသီး၊ ဖရဲသီးကားတွေ အစီးရေ ရာချီ စွန့်ပစ်နေရလို့ ဆုံးရှုံးမှု ဖြစ်နေကြောင်း ငှက်ပျောတောင်သူတွေက ပြောပါတယ်။

“ခုတလော ငှက်ပျော၊ ဖရဲရာသီသီးနှံ လှိုင်လှိုင်ထွက်ချိန် စစ်ပွဲကြောင့် လွယ်ဂျယ်လမ်းပိတ်ထားလို့ နေ့စဥ်နဲ့အမျှ တရက်ကို ငှက်ပျောသီး၊ ဖရဲသီးကား ပျှမ်းမျှ အစီးရေ ၁၀၀ ခန့် စွန့်ပစ်ဆုံးရှုံးနေရပါတယ်။ တစီးကို ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိပါတယ်” လို့ ငှက်ပျော တောင်သူတဦးက DVB ကို ပြောပါတယ်။

ဗန်းမော်ခရိုင်အတွင်းမှာ တရုတ်ဘက် တင်ပို့မယ့် တစ်သျှူးငှက်ပျော တပိုင်တနိုင်စိုက်ပျိုးတဲ့ မြန်မာတောင်သူတွေ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပြီး တချို့တောင်သူတွေဟာ တကြိမ်မှ တင်ပို့ရောင်းချရတာ မရှိလို့ အသုံးစရိတ်ပြတ်လပ်နေကြရတဲ့အပြင် အမှည့်လွန်ပြီး စွန့်ပစ်နေကြရတယ်လို့ ဆိုပါတယ်။

"လမ်းပိတ်တော့ သီးနှံတွေပျက်စီးလို့ မြန်မာတောင်သူတွေ အားလုံးနီးနီး အရင်းပြုတ်ကြတယ်။ တရုတ်တောင်သူတွေကတော့ အိမ်ပြန်စရာစရိတ်မရှိ ဖြစ်နေကြတယ်။" 

အရင်တိုက်ပွဲမစခင်က တစီးစနှစ်စီးစ သီးနှံရောင်းထားတဲ့သူက အရေးပေါ်သုံးစရာငွေရှိကြပေမဲ့ ခုတလော ဗန်မော်မြို့တွင်း စစ်ပွဲရှောင်တိမ်းနေနေကြတဲ့ တချို့ ငှက်ပျောခြံရှင်တွေ သီးနှံတွေ တစီးမှ မရောင်းရသေးတာကြောင့် စရိတ်ပြတ်ပြီး ငွေလိုက်ချေးငှားနေကြရတယ်လို့ တောင်သူတဦးက ပြောပါတယ်။

"ခုတလော တိုက်ပွဲနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် တောင်သူတွေအများစုက ခြံထဲမှာ မနေရဲကြဘူး။ စစ်ပွဲကြောင့် ခြံထဲက အခြေခံ အလုပ်သမား ထောင်ချီ သောင်းချီတွေက နယ်ပြန် အိမ်ပြန်ကုန်ကြပြီး ခြံပိုင်ရှင်တွေက နီးစပ်ရာ  မြို့တွင်းထဲက တည်းခိုခန်း၊ အိမ်ငှါး၊ အခန်းငှါးပြီး ရှောင်တိမ်းနေထိုင်နေကြပါတယ်။" 

လွယ်ဂျယ် နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ ငှက်ပျော၊ ဖရဲတွေကို ဗန်းမော်ခရိုင်က ‌မံနှောင်၊ မံပုံ၊ စင်းခန်း၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည်၊ ကချင်ပြည်နယ် အစပ် မံနှားလေးကျေးရွာတဝိုက်၊ မဘိမ်းမြို့နယ်၊ ငါးအိုး အနီးတဝိုက်တွေမှာ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ယာဉ်မောင်းတဦးကလည်း “လွယ်ဂျယ်လမ်း ပိတ်သွားလို့ ငှက်ပျောသီးတွေ အလကား ပစ်လိုက်ရတယ်။ အကောင်းပဲရှိ သေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကစ တရုတ် - မြန်မာ ကုန်သွယ်ရာလမ်း ဗန်းမော် - လွယ်ဂျယ် လမ်း တလျှောက်ရှိ စစ်ကောင်စီ စခန်း‌တွေကို KIA နဲ့ ပူးပေါင်ေတပ်ဖွဲ့တွေက ထိုးစစ်စ်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်သွယ်ရာ လမ်းပိတ်သွားတာပါ။

လွယ်ဂျယ်မြို့ကို ဧပြီ ၉ ရက်က ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ် ထိန်းချုပ်လိုက်ပြီး တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းကစ ပြန်လည်ဖွင့်လှစ်‌ပေမဲ့ ကုန်တင်ကားတွေ မပါဘဲ ခါလီကားတွေ ဝင်ထွက်နေသေးတယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

တရုတ်ဘက်ခြမ်း ပိတ်မိနေတဲ့ ကုန်တင်ကားတွေကိုတော့ လွယ်ဂျယ် နယ်စပ်ဂိတ်တံခါးမဖွင့်ခင် မိုင်ဂျာယန်ကနေ ထုတ်ပေးတာရှိပြီး တရုတ်ဘက်က ထွက်လာတဲ့ကားတွေရော၊ လွယ်ဂျယ်မှာ ပိတ်မိတဲ့ ကားတွေရော၊ ကုန်သွယ်ရာလမ်းတလျှောက်ပိတ်မိနေတဲ့ ကားတွေရော အကုန်လုံး အင်ဘာပါ တောင်ပေါ်လမ်းကနေ မံစီ၊ ဗန်းမော်၊ မန္တလေးတွေဘက် တိုက်ပွဲ ဖြစ်နေတုန်းကတည်းက လမ်းကြောင်းပြောင်း ဆင်းလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ တုန်းကလည်း လိုင်ဇာအနီးဝန်းကျင်က ဖရဲ၊ ငှက်ပျော တောင်သူတွေ တိုက်ပွဲကြောင့် အသီးတွေ တင်ပို့ရောင်းချလို့ မရဘဲ ကြီးမားစွာ ဆုံးရှုံးသွားလို့ သတ်သေသွားတဲ့ တောင်သူတွေရှိသလို ၂၀၁၉ ကစ ကိုဗစ်ကာလ အတွင်းမှာလည်း တောင်သူတွေ အများအပြား ဆုံးရှုံးပြီး ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လွယ်ဂျယ်လမ်း ပိတ်ထားသဖြင့် တရက်ကို ငှက်ပျော၊ ဖရဲ ကားအစီးရေ ရာချီ စွန့်ပစ်နေရ