DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေး လေကြောင်းတိုက်ခိုက်၊ ၁၄ ဦး ခန့်သေဆုံး
DVB
·
April 10, 2024
ဂါဇာရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေး လေကြောင်းတိုက်ခိုက်၊ ၁၄ ဦး ခန့်သေဆုံး
Donate to DVB

ဂါဇာရှိ နူဆေရတ် ဒုက္ခသည်စခန်းကို ဧပြီ ၉ ရက်က အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာကမ်းမြောင် အလယ်ပိုင်းက နူဆေရတ် ဒုက္ခသည်စခန်းရှိ လူနေအိမ်ရင်ပြင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင် ပါလက်စတိုင်း သတင်းဌာန ဝါဖာက ထုတ်ပြန်ပါတယ်။

ဂါဇာအလယ်ပိုင်းရှိ ဒေရ်အာလ်ဘာ့လာနဲ့ တောင်ဘက်စွန်းရှိ ရာဖာတို့မှာ တခြားလေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဧပြီ ၁၀ ရက်မှာ ပြုလုပ်မယ့် အစ္စလာမ်ဥပုသ်လကို အဆုံးသတ်မယ့် အိဒ်-အာလ်-ဖစ်တာ အကြိုနေ့မှာ ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ ဆွေမျိုး အဘူ မိုဟာမဒ် ယိုဆစ်ဖ်က “ကျနော့်အစ်ကို၊ သူ့သမီးတွေ၊ သူ့ဇနီးနဲ့ တခြား စစ်ဘေးဒုက္ခသည်တွေ စခန်းအမှတ် ၂ မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတွေအားလုံး သေဆုံးကုန်ကြပြီး ဒါဟာ ရာဇဝတ်မှု အသစ်တခုပါ” လို့ ပြောပါတယ်။

အိမ်ရှိ လူကုန် သေဆုံးခဲ့တဲ့ အလွန်ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အစ္စရေးအဆိုပြုချက်ဟာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့ မကိုက်ညီပေမဲ့လည်း ကမ်းလှမ်းချက်ကို ထပ်မံလေ့လာပြီးတော့ ဖျန်ဖြေသူတွေကို တုံ့ပြန်သွားမယ်လို့ ဟားမတ်စ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ ၇ လလောက် ကြာလာပြီဖြစ်တဲ့ ပြင်းထန်တဲ့ စစ်ပွဲတွေကနေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို ကိုင်ရိုမှာ ပြုလုပ်နေတာဖြစ်ပြီး အဆိုပြုချက်ကို အီဂျစ်နဲ့ ကာတာ ဖျန်ဖြေသူတွေက ပါလက်စတိုင်း အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ကို ပေးအပ်ထားပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ အပါအဝင် ဟားမတ်စ်တပ်ဖွဲ့တွေကို အပြီးသတ် ချေမှုန်းမှာဖြစ်ပြီး ဒီလုပ်ရပ်ကို ဘယ်အရာကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဧပြီ ၉ ရက်မှာ ပြောပါတယ်။

နေတန်ယာဟုက ရာမတ်ဂန်မြို့မှာ တပ်သားသစ်တွေကို မိန့်ခွန်းပြောရင်း ခုလို ကြေညာတာပါ။

အီဂျစ်မြို့တော် ကိုင်ရိုမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ် လုပ်နေချိန်မှာ အစ္စရေးက ရာဖာမြို့ကို ကျူးကျော်ဖို့ ရက်သတ်မှတ်ထားတယ်လို့ ပြောပြီး ရက်စွဲကို ထုတ်မပြောပါဘူး။

ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံခြားအစိုးရတွေက ရာဖာမြို့ သွေးချောင်းစီးမှာ စိုးရိမ်လို့ မတိုက်ဖို့ နေတန်ယာဟုကို တိုက်တွန်းထားပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရာဖာမှာ အကြီးစားထိုးစစ် မလုပ်ဖို့ အစ္စရေးကို ထိန်းထိန်းသိမ်းသိမ်း တိုက်တွန်းထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်မှာ အိမ်တွေ ပျက်စီးကုန်တဲ့အထိ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်း အရပ်သား တသန်းကျော်အတွက် ရာဖာဟာ နောက်ဆုံးခိုလှုံရာပါ။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို လျှပ်တပြက် စီးနင်းခဲ့လို့ လူပေါင်း ၁,၂၀၀ သေဆုံးခဲ့တယ်လို့ အစ္စရေးစာရင်းဇယားတွေက ဆိုပါတယ်။

အစ္စရေးက လက်တုံ့ပြန်တဲ့ ၆ လကြာ ပဋိပက္ခအတွင်း ပါလက်စတိုင်းသား ၃၃,၃၆၀ လောက် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးရ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

လူပေါင်း ၂ ဒသမ ၃ သန်းရှိတဲ့ ဂါဇာကမ်း‌ေမြာင်မှာ ဒေသခံအများစု အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အများအပြားကတော့ အငတ်ဘေးအန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

အမေရိကန်ဟာ ရာဖာစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဆက်ဆွေးနွေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဧပြီ ၉ ရက်မှာ ပြောပါတယ်။

“ပြဿနာကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ အပြစ်မဲ့သူတွေကို အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းနဲ့ လုပ်နေတယ်၊ ဆွေးနွေးပွဲတွေ ဆက်ရှိနေပြီး အစ္စရေးလုပ်ဖော်ကိုင်ဖက်တွေကို နောက်တပတ်မှာ ထပ်တွေ့မယ်လို့ မျှော်လင့်ပါတယ်” လို့ ဘလင်ကန်က အမေရိကန်မြို့တော် ဝါရှင်တန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘလင်ကန်ဟာ နိုင်ငံခြားရေးဌာနမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းနဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ခုလိုပြောခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အမေရိကန်ပြည်ထောင်စုဟာ ကာတာ၊ အီဂျစ်အစိုးရတို့နဲ့ နီးနီးကပ်ကပ် ဆက်လုပ်နေတယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသဆီ ကုန်တင်ကားအစီးရေ ၄၀၀ ကို တနင်္လာနေ့က စေလွှတ်ခဲ့ပြီး ဒါဟာ ပဋိပက္ခဖြစ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အများဆုံးလို့လည်း သူက ပြောပါတယ်။

တချိန်တည်းမှာပဲ ကင်မရွန်းကလည်း အစ္စရေးဆီ လက်နက်ရောင်းချခြင်းဆိုင်ရာ ဗြိတိန်ရဲ့ ရပ်တည်ချက်က မပြောင်းလဲဘူးလို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်ချက်တွေကိုလည်း ထပ်အတည်ပြုခဲ့ပါတယ်။

ရှေ့မတိုးဖို့ အမေရိကန်အစိုးရက သတိပေးထားပေမဲ့ ဟားမတ်စ်ကို အနိုင်ယူဖို့ ရာဖာမြို့ထဲကို ဝင်ဖို့လိုအပ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဧပြီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013