DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ပြောဆိုမှု အချိန်နှောင်းသွားပြီဟု မြန်မာ့အရေး လေ့လာသူ သုံးသပ်  
DVB
·
April 9, 2024
စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ပြောဆိုမှု အချိန်နှောင်းသွားပြီဟု မြန်မာ့အရေး လေ့လာသူ သုံးသပ်  
Donate to DVB

မြန်မာစစ်ကောင်စီ အင်အားနည်းလာပြီဖြစ်လို့ မြန်မာနဲ့ ဆွေးနွေးမှုတွေစတင်ဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပြောပေမဲ့ နောက်ကျသွားပြီလို့ မြန်မာ့နိုင်ငံရေးလေ့လာသူက ပြောပါတယ်။

လက်ရှိအာဏာရှင်အစိုးရဟာ အင်အားတချို့ ဆုံးရှုံးစပြုလာပြီလို့ပြောရင်း အခုအချိန်ဟာ ထိတွေ့ဆက်ဆံပြီး သဘောတူညီမှုယူရမယ့်အချိန်လည်း ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။

မြန်မာ-ထိုင်းနယ်စပ်က အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီနယ်နေရာ အများစုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လာနိုင်ချိန် အခုလို ပြောကြားခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က “သူတို့ ရှုံးနေတယ်ဆိုရင်တောင်မှ သူတို့မှာ အာဏာရှိနေပါသေးတယ်။ သူတို့မှာ လက်နက်ရှိနေပါသေးတယ်။ တကယ်လို့ သူတို့ရှုံးနေပြီ ဒါမှမဟုတ် သူတို့ရန်သူထက် အားနည်းနေပြီဆိုတာကို သူတို့သိရင်၊ ဒီအချိန်ဟာ ထိတွေ့ဆက်ဆံပြီး သဘောတူညီချက်ယူရမယ့်အချိန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာပြည်သူတွေအတွက် စိတ်ထဲရှိတယ်ဆိုရင် ဒါက အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ဆိုတာ သူတို့ နားလည်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ညီညွတ်၊ ငြိမ်းချမ်းပြီး သာယာဝပြောရင် အကျိုးအရှိဆုံးဖြစ်မှာက ထိုင်းနိုင်ငံပါလို့လည်း ဆေထာက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဟာ နေပြည်တော်နဲ့ ဆက်ဆံရေးကောင်းရှိထားပြီး  နယ်စပ်က တိုင်းရင်းသား အင်အားစုတွေနဲ့လည်း ဆက်ဆံရေးထူထောင်ထားကြောင်း ထိုင်း-မြန်မာအရေး အကဲခတ် တယောက်ဖြစ်တဲ့ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။

“လက်ရှိ ဝန်ကြီးချုပ် ဆေဝီထာက ဝေဖန်တယ်ဆိုတာတော့ ဘယ်လိုလဲတော့ ကျနော်တို့ သေချာတော့ မသိဘူးပေါ့နော်။ ဘယ်လိုကိစ္စမျိုးနဲ့ ဝေဖန်တယ်ဆိုတာ မသိပါဘူး။ နောက်တခုကကျတော့ လက်ရှိ မြဝတီက ပြောမယ်ဆို ထိုင်းနဲ့ မြန်မာကြားထဲမှာ အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းမကြီးဗျ။ အဲဒါကိုတော့ သူတို့အထိခိုက်ခံမယ် မဟုတ်ဘူး။ ဆို‌တော့ ဘယ်လိုပုံစံမျိုးနဲ့ ကြားဝင်မလဲဆိုတာ မပြောတတ်ဘူးပေါ့နော်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ထိုင်းအနေနဲ့ အာဆီယံရဲ့သဘောထားကို ကောက်ကြောင်းလိုက်ပြီး အဖွဲ့အသီးသီးပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို အကောင်အထည်ဖော်စေချင်တဲ့ သဘောလို့ ယူဆကြောင်း သူ့အမြင်ကို ပြောပါတယ်။

“လက်ရှိအခြေအနေမှာ အဲဒီလိုဖြစ်ဖို့အတွက် အခြေအနေက ကျနော်တို့ ပြည်တွင်းအနေအထားအရ ပြောရရင်တော့ နောက်ကျသွားပါပြီ။ ခုချိန်မှာ ဒီတော်လှန်ရေး အင်အားစုတွေက မျှော်လင့်တာက မင်းအောင်လှိုင် နုတ်ထွက်ပေးဖို့၊ နောက် စစ်ကောင်စီအနေနဲ့ စစ်တပ်က နိုင်ငံရေးကနေ စွန့်ခွာပေးဖို့ဆိုတဲ့ သဘောထားမပါဘူးဆိုရင် အဲဒီလို စားပွဲဝိုင်း ဆွေးနွေးပွဲ ဆိုတာလည်း ဖြစ်နိုင်တဲ့အခြေအနေ မရှိပါဘူး။”

စစ်ကောင်စီဘက်ကလည်း လေကြောင်းထိုးစစ်တွေ လုပ်နိုင်သေးတဲ့ကာလမှာ အလျှော့ပေးမယ့်သဘော မရှိတာကြောင့် ဆွေးနွေးပွဲဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

မြဝတီမြို့နယ် တမြို့နယ်လုံးနီးပါးကို KNLA တပ်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပါဝင်တဲ့  မြန်မာ့အရေး အရေးပေါ် အစည်းအဝေးတရပ်ကို  ဧပြီ ၉ ရက် ဒီမနက်က ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အလုပ်အမှုဆောင်တရပ် ဖွဲ့စည်းဖို့၊ လူသားချင်းစာနာမှုဆိုင်ရာတွေ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေ အပါအဝင် ထိုင်းနိုင်ငံအပေါ် သက်ရောက်လာနိုင်တဲ့ အခြေအနေတွေကိုကို အသင့်ပြင်ထားလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013