DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့ရှိ နောက်ဆုံးကျန် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်များ စတင်တိုက်ခိုက်
DVB
·
April 9, 2024
မြဝတီမြို့ရှိ နောက်ဆုံးကျန် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်များ စတင်တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက်၊ ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီကစတင်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက လက်နက်ကြီးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ဒီဗွီဘီကို ပြောပါတယ်။

မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း ၉၀ ရာနှုန်းလောက်ကို KNU/KNlA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့နောက် မြဝတီမြို့မှာ တခုတည်း ကျန်ရှိနေတဲ့  ခလရ ၂၇၅ တပ်စခန်းကိုလည်း အပြီးသိမ်းပိုက်နိုင်ဖို့ စတင်တိုက်ခိုက်နေတာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “တနာရီလောက်ကစပြီး လက်နက်ကြီးနဲ့ ထုနေတာ”လို့  ပြောပါတယ်။

လက်ရှိ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ခလရ ၂၇၅ တပ်ရင်းအတွင်း တပ်မ ၄၄ တပ်မမှူးလည်း ရှိနေတယ်လို့   တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

ခလရ ၂၇၅ တပ်စခန်းအနေနဲ့ အသာတကြည် CDM လုပ်ဖို့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ရက်တွေကတည်းက ညှိနှိုင်းခဲ့ပြီး ဒီကနေ့  မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား လက်နက်ချဖို့ အချိန်ပေးခဲ့ပေမဲ့ တဘက်က တပ်မ ၄၄ ရဲ့ တပ်မမှူးလည်းရောက်နေပြီး ညှိနှိုင်းမှုကို လက်မခံတာကြောင့် တာဝေးပစ်လက်နက်တွေနဲ့ စတင်ပစ်ခတ်နေတယ်လို့   ကရင့်တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကရင့်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ခလရ ၂၇၅ စခန်းကို အပြီးသိမ်းပိုက်နိုင်ဖို့  ဒီနေ့ခင်းပိုင်းကစလို့  ၁၂၀ မမ၊ ၈၁ မမ စတဲ့ တာဝေးပစ်လက်နက်တွေနဲ့ စပစ်နေပြီလို့ သိရတယ်ခင်ဗျ။ မြဝတီမြို့နေ ပြည်သူတွေ ထိခိုက်မှုမရှိအောင်တော့ အတတ်နိုင်ဆုံး ရှောင်ရှား ပစ်ခတ်နေတယ်။”

ခလရ ၂၇၅ တပ်ရင်း စတင်ပြီးလက်နက်ကြီးနဲ့ တိုက်ခိုက်ခံနေရတာကြောင့် အနီးအနားက ဒေသခံပြည်သူတွေ မြို့ဝတီမြို့တွင်းဘက်ကို တိမ်းရှောင်လာကြတယ်လို့  မြို့ခံတွေက ပြောပါတယ်။

မြို့ခံပြည်သူတဦးက “ခလရ ၂၇၅ ဘက်မှာလည်း ထုနေပြီ။ မီးလောင်တယ်လို့လည်း ကြားတယ်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးကြတာ ပျက်သွားတယ်လို့လည်း ကြားတယ်။ မြို့ပြင် ပတ်ဝန်းကျင်ကလူတွေ အုပ်လိုက်အထုပ်တွေနဲ့ ပြေးဝင်လာတာတွေရှိတယ်။ မြို့တွင်းကလူတွေကတော့  လုံးဝထိတ်လန့်တဲ့ အနေအထားဖြစ်သွားပြီ” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီမြို့ခံတချို့ကတော့ ထိုင်းမဲဆောက်မြို့မှာရှိတဲ့ အသိမိတ်ဆွေ ဆွေမျိုးတွေဆီမှာ သွားရောက်ခိုလှုံနေကြပြီး ငွေကြေးတတ်နိုင်သူတချို့က မဲဆောက်ဟိုတယ်၊ တည်းခိုခန်းတွေမှာ သွားရောက်တိမ်းရှောင်နေကြတာရှိပါတယ်။

သာမန် လက်လုပ်လက်စား လူတန်းစားတွေကလည်း သောင်ရင်းမြစ်ကမ်းမှာ ခြေလျင် ကူးဖြတ်ဖို့ ပြင်နေတာရှိသလို တချို့ကတော့ မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာတွေမှာ သွားရောက် ရွေ့ပြောင်းနေထိုင်ကြသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ မြဝတီကို လေယာဉ်နဲ့ လာပြီး ဗုံးမကြဲဖို့၊  No flight  Zone သတ်မှတ်ပေးဖို့ ဝိုင်းဝန်းဆန္ဒပြတောင်းဆိုဖို့ မြဝတီဒေသခံအချို့က ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

မြဝတီမြို့နယ်မှာ သင်္ကန်းညီနောင်ဗျူဟာ၊  ခမရ ၃၅၅၊ ခမရ ၃၅၆ ၊ ခမရ ၃၅၇ တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီ ၅ ရက်က  ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်နဲ့အတူ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေဟာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

ခလရ ၂၇၅ မှာ  အရာရှိအရာခံ တပ်သားစုစုပေါင်း အင်အား ၁၀၀ ကျော်ခန့်သာ ကျန်ရှိတာမို့ KNU , KNLA , PG , DKBA , BGF (KNA) စတဲ့ ကရင့်တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ အနေနဲ့ အနှေးနဲ့အမြန် သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်တယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013