Home
မြန်မာသတင်း
စစ်ရေးပြင်းထန်နေသည့် အမ်းမြို့နယ်၌  ဆန်ရိက္ခာပြတ်လပ်လာ
DVB
·
April 9, 2024

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ စစ်ရေးတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့မှာ ဆန်ရိက္ခာပြတ်တောက်လာနေပြီး တအိမ်ထောင်ကို ဆန် နှစ်ပြည်လောက်သာ ဝယ်ယူ ရနိုင်တော့တယ်လို့ အမ်းမြို့ခံတွေက ပြောပါတယ်။

မတ် ၂၄ ရက်ကတည်းက စစ်ရေးပြင်းထန်နေတဲ့ အမ်းမြို့မှာ လမ်းတွေကို ပိတ်ဆို့ထားတဲ့အပြင် စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေကိုပါ ပိတ်ဆို့ထားတာကြောင့် ဆန်ရိက္ခာပြတ်လပ်လာတာလို့  မြို့ခံတွေက ပြောကြပါတယ်။

အမ်းမြို့ခံတဦးက "အမ်းမှာ ဆန်တွေ ဝယ်မရတော့ဘူး။ ဆိုင်တွေမှာလည်း ဆန်တွေမရှိတော့ဘူး။ တရက်ကို တအိမ်ထောင် နှစ်ပြည်လောက်ပဲ ရတော့တယ်။ ကိုယ်လိုသလောက် ဝယ်လို့မရတော့ဘူး။ ဒီအတိုင်းသာ ဆန်တွေဝယ်မရတော့ဘူးဆိုရင် တော်တော်လည်းကို စားဝတ်နေရေး အခက်အခဲဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။

အမ်းမြို့မှာ ဆန်ပြတ်လပ်လာတာကြောင့် ဆန်ကြမ်း တပြည်ကို ငွေကျပ် ၄၀၀၀ အထိရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲစဖြစ်တုန်းက အမ်းမြို့အတွင်းကို တလကို ဆန်တင်ကားတွေ ဝင်ရောက်ခွင့်ရှိပေမဲ့ အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ဝင်အထွက်ကို စစ်ကောင်စီက တင်းကျပ်စွာ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

နောက်ထပ် အမ်းမြို့ခံတဦးက" အရင်တုန်းက ဆိုရင် အမ်းမြို့ကို ဆန်ကားတွေ လာရောင်းခွင့်ရှိတယ်။ အခုအမ်းမှာ တိုက်ပွဲစဖြစ်ပြီးမှ စစ်ကောင်စီက မြို့အဝင်အထွက်တွေကို တော်တော်လည်း တင်းကျပ်ထားတယ်။ မြို့တွင်းက လူလည်း ထွက်လို့မရသလို မြို့ပြင်က လူတွေလည်း လုံးဝကို ဝင်လို့မရတော့ဘူး" လို့ ပြောပါတယ်။

အမ်းမြို့မှာ စစ်ကောင်စီနဲ့ AA တို့အကြား မတ်လ ၂၄ ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးအထိ တိုက်ပွဲ ပြန့်နှံ့လာတာ ဖြစ်ပါတယ်။

ထို့သို့တိုက်ပွဲ ပြင်းထန်လာပြီးနောက် စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်လာတာကြောင့် အမ်း- ပဒါန်းလမ်းကို ဧပြီ ၂ ရက်က AA က အကန့်အသတ်မရှိ ပိတ်ပင်ထား ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၄ လကျော်အတွင်း AA ဘက်က မြို့နယ် ၈ ခုအထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ် မြို့နယ် ၄ ခုမှာ စစ်ရေး ပြင်းထန်နေဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024