Home
မြန်မာသတင်း
စစ်သုံ့ပန်းများကို ဆန္ဒမပါဘဲ KNU ပြန်မပို့ ၊ မဲဆောက်ကို လေယာဉ်ဖြင့်လာခေါ်မည့် အစီအစဉ် စစ်ကောင်စီ ဖျက်သိမ်း 
DVB
·
April 8, 2024

ကရင်ပြည်နယ်၊ မြဝတီမှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ စစ်သုံ့ပန်း လုပ်ထုံးလုပ်နည်းနဲ့အညီထားရှိပြီး သူတို့ရဲ့ ဆန္ဒမပါဘဲ စစ်တပ်ထံ ပြန်ပို့မှာမဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က သေချာပြောနိုင်တာတခုကတော့ ကျနော်တို့လက်ထဲကို ရောက်လာတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းပေါ်လစီနဲ့အညီ အတိအကျ လိုက်နာတယ်။ သူတို့ဆန္ဒမပါဘဲနဲ့တော့ ကျနော်တို့ ပြန်ပို့မှာမဟုတ်ဘူး။ သူတို့ ပြန်ချင်သပါ့ဆိုရင်တော့ ကျနော်တို့လည်း မတားဘူး။ တကယ်မပြန်ချင်ဘဲ ဇွတ်အတင်း မင်းတို့သွားတော့ ဆိုပြီးတော့ ကျနော်တို့ အတင်းအကျပ် လုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လုံခြုံရေး၊ သူတို့ရဲ့ အသက်ရှင် ရပ်တည်ရေးက ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့ တာဝန်ခံရမယ့်အပိုင်းမှာ ရှိတယ်။ ကျနော်တို့ လေးစားလိုက်နာရမယ့် humanitarian policy တွေ၊ law တွေ ကျနော်တို့ လက်ခံထားတာ ရှိတယ်။ အဲဒီအတိုင်းပဲ ဖြစ်စေရမယ်။ အဲဒါကြောင့် ဘာမှစိုးရိမ်စရာမရှိဘူး။”

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာစခန်းက တပ်မိသားစုဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၆၁၇ ဟာ  ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ မတ် ၇ ရက်က လက်နက်ချခဲ့တာပါ။ လက်နက်ချခဲ့သူတွေထဲမှာ အရာရှိအရာခံ ၆၇ ဦး၊ စစ်သည်နဲ့ တခြားဝန်ထမ်း ၄၁၀ ဦး၊ ရဲမေ ၅၆ ဦး၊ မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦးပါရှိတယ်လို့ ဆိုပါတယ်။ 

ဒီလိုလက်နက်ချအပြီးမှာ မြဝတီမြို့က ဌာနဆိုင်တွေကို လေယာဉ်နဲ့ပြန်ခေါ်ဖို့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လေဆိပ်မှာ လေယာဉ်ဆင်းသက် ပျံသန်းခွင့်ပေးဖို့ စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကနေတဆင့် ခွင့်ပြုချက်တောင်းခဲ့ပြီး ထိုင်းအာဏာပိုင်ဘက် ကလည်း ဧပြီ ၇ ရက် ၈ ရက်နဲ့ ၉ နေ့ရက် လေဆိပ်ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ 

ဧပြီ ၇ ရက်  မနေ့ညက မဲဆောက်မြို့ လေဆိပ်မှာ‌ စစ်ကောင်စီက တပ်ဖွဲ့ဝင်တွေ လာကြိုဖို့ လွှတ်လိုက်တဲ့ လေယာဉ်ထဲမှာ လူပါမသွားဘဲ ပစ္စည်းပစ္စယ အထူးသဖြင့် ငွေစက္ကူထုပ်တွေ စင်းလုံးပြည့် ပါသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယနဲ့ တတိယအကြိမ်လာမယ့် လေယာဉ်ခရီးစဉ်တွေကိုတော့ မြန်မာဘက်က  ဖျက်သိမ်းလိုက်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ သာနာဝပ်သီရိကူးလ်က ပြောတဲ့အကြောင်း  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိ မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး မြဝတီက အကြီးဆုံးဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းတခုသာ ကျန်ရှိတာကြောင့် လူသားဆန်တဲ့အနေနဲ့  သူတို့အလင်းဝင်မှာကို စောင့်နေတယ်လို့ ပဒိုတောနီးက ပြောပါတယ်။

“အဓိက ကျနော်တို့ ပြောချင်တာက လူ့အသက်တချောင်းဆိုတာ အင်မတန် တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် လူ့အသက်တချောင်း အလကား မဆုံးရှုံးစေဖို့အတွက် ကျနော်တို့ အဲဒါကို ဖြစ်ချေင်တာပါ။ အဲဒီတော့ ဖြစ်သင့်တဲ့ဟာကို ကျနော်တို့ လုပ်မယ်။ ဒါပေမဲ့ ဖြစ်သင့်တဲ့ဟာကို လက်မခံဘူးဆိုရင်တော့ KNLA အပိုင်းကတော့ ဆက်ပြီးတော့ လုပ်သွားမှာပဲ။ အကျယ်ချဲ့ပြီး ပြောစရာမလိုဘူး။ အဲဒါက အချိန်ကာလတခုအတွင်း သိရမှာပေါ့။”

မြဝတီမြို့နယ်ရှိ လုံခြုံရေးနဲ့စီပွားရေး အမာခံဖြစ်တဲ့ တရပ်ရင်း ၃၅၅၊ ၃၅၆၊ ၃၅၇ ဗျူဟာတွေကို  KNLA က သိပ်ပိုက်ထားပြီးဖြစ်ပြီး လက်ရှိ မြို့စောင့်တပ် ၂၇၅ သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ တပ်မ ၄၄ တပ်မမှူး ပါအဝင် မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနည်းငယ်သာ ကျန်နေတယ်လို့ ပဒိုတောနီးက ပြောပါတယ်။ 

ထိုင်းသတင်းဌာနတခုဖြစ်တဲ့ The Reporters ရဲ့ ဖော်ပြချက်အရ မြဝတီမြို့မှာ ဒီကနေ့ ပြည်သူတွေကတော့ ပုံမှန်အတိုင်း သွားလာနေပေမဲ့ ဌာနဆိုင်ရာအားလုံး ပိတ်ထားကြောင်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024