
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်ပြည်၊ ကိန်းဘရစ်ရှားဒေသက ဝစ်ချ်ချမ်း ရွာလေးမှာ ၅၃ ကြိမ်မြောက် ကမ္ဘာ့ပဲစေ့မှုတ်ပြိုင်ပွဲကို ဇွန် ၁၁ ရက်က ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ အခြောက်လှန်းထားတဲ့ ပဲစေ့တွေကို အသုံးပြုပြီး ပစ်မှတ်ကို မှုတ်ထုတ် ယှဉ်ပြိုင်ကြတာပါ။
စည်းကမ်းချက်တွေအရ ပြိုင်ပွဲဝင်တွေဟာ စေးကပ်တဲ့ ရွှံ့စေးသုတ်ထားတဲ့ ပစ်မှတ်နဲ့ ၁၂ ပေအကွာကနေ ပဲစေ့ ၅ စေ့ကို မှုတ်ထုတ်ရပါတယ်။
အလယ်ဗဟိုတည့်တည့်ကို ထိရင် ငါးမှတ်၊ အလယ်ကွင်းကို ထိရင် သုံးမှတ်နဲ့ အပြင်ဘက်ဆုံးကွင်းကို ထိရင် တမှတ် ရရှိမှာဖြစ်ပါတယ်။
အနိုင်ရဖို့အတွက် တိကျမှု၊ လုံးဝန်းတဲ့ ပဲစေ့ဖြစ်မှု၊ မှန်ကန်တဲ့ မှုတ်ထုတ်အားနဲ့ လေတိုက်နှုန်းတွေက အရေးပါပါတယ်။
ဒီပြိုင်ပွဲကို ရိုးရာအမျိုးအစားနဲ့ အလွတ်တန်းအမျိုးအစားဆိုပြီး နှစ်မျိုးခွဲခြား ကျင်းပခဲ့ပါတယ်။
ရိုးရာပြိုင်ပွဲမှာ ပုံမှန် ပလတ်စတစ်ပိုက်တံတွေကိုပဲ သုံးခွင့်ပြုပြီး အလွတ်တန်းမှာတော့ လေဆာချိန်မှတ်ပါတဲ့ ပိုက်တံတွေလို အဆင့်မြင့် ကိရိယာတွေကို သုံးခွင့်ပေးထားပါတယ်။
အလွတ်တန်းပြိုင်ပွဲမှာတော့ လေးကြိမ်မြောက် ချန်ပီယံဖြစ်တဲ့ မီရှဲ ဘယ်ရီက ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် မီရှဲဟာ ဒီအားကစားနည်းရဲ့ အအောင်မြင်ဆုံး ပြိုင်ပွဲဝင်တယောက်အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ရိုးရာပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ အသက် ၄၀ အရွယ် ပေါလ် ဂျစ်ပ်က အနိုင်ရရှိသွားပါတယ်။
Source: Reuters











