DVB Logo
Home
မြန်မာသတင်း
အမ်း-ပဒါန်းလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထား 
DVB
·
April 2, 2024
အမ်း-ပဒါန်းလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထား 
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ဧပြီ ၂ ရက်မှာ အရေးပေါ်ထုတ်ပြန် ကြေညာပါတယ်။

နိုဗာ ၁ စစ်ဒေသရုံးကနေ ထုတ်ပြန်တာဖြစ်ပြီး အခုအခါ အများပြည်သူသွားလာတဲ့ လမ်းတွေထဲက အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့တာ၊ တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားတွေနဲ့ သယ်ဆောင်တာ၊ လမ်းဘေးဝဲယာတလျှောက်မှာ စွန့်လွှတ်မိုင်းတွေထောင်တာ လုပ်နေတဲ့အပြင် လမ်းတလျှောက်တိုက်ပွဲတွေ စဖြစ်လာတာကြောင့် ပိတ်လိုက်တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စစ်စခန်းတွေကို AA က စတင်တိုက်ခိုက်ချိန်မှာပဲ ရခိုင်ပြည်နယ်နဲ့ ပြည်မဆက်သွယ်ရာလမ်းအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ ကန့်သတ်ခဲ့ပါတယ်။ ပြီးတော့ ကုန်စည်နဲ့ သာမာန်ခရီးသည်တွေ သွားလာခွင့် လုံးဝမပေးတော့တာ ဒီနေ့အထိ ဖြစ်ပါတယ်။

တိုက်ပွဲတွေဟာ ဒီနေ့အထိ ဆက်ဖြစ်နေပြီး စစ်အရှိန်လည်း တက်လာနေသလို မတ် ၂၆ ရက်ကစလို့ ရခိုင်ပြည်နယ် အမ်းနဲ့ မကွေးတိုင်းကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေပါတယ်။

နိုင်ငံအနှံ့ စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရှုံးစစ်ကောင်စီဟာ စစ်ရေးမှာသာမက သံတမန်ရေးရာမျက်နှာစာမှာပါ ဆက်တိုက်ရှုံးနိမ့်နေပေမဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တာ၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်တာနဲ့ စစ်ရာဇဝတ် ကျူးလွန်တာတွေကို ဆက်တိုက်ကျူးလွန်နေဆဲဖြစ်တယ်လို့  AA ကထုတ်ပြန်ပြောဆိုပါတယ်။

ပြီးတော့ ပြည်သူလူထုကို စစ်မှုမထမ်း မနေရ ဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုတာနဲ့ ပြည်သူလူထုထဲကို အကြောက်တရားသွင်းတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲမြို့၊ တောင်ပြိုလက်ဝဲမြို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တို့ကို AAက သိမ်းပိုက်ထားပြီး ဘူးသီးတောင်နဲ့ မောင်တောတို့မှာလည်း စစ်ကောင်စီရဲ့စခန်းတွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013