DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ၊ ဓမ္မသစစ်ရှောင် ၆၀၀၀ ကျော် အကူအညီ လိုအပ်
DVB
·
March 30, 2024
ကျိုက်ထိုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ၊ ဓမ္မသစစ်ရှောင် ၆၀၀၀ ကျော် အကူအညီ လိုအပ်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်မှုထမ်းစာရင်းကောက်ခံနေတဲ့ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးက မတ် ၂၄ ရက်က ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးဦးစံလွင်ဟာ မတ် ၂၄ ရက် မနက် ၉ နာရီလောက် နေအိမ်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုအသွား ခမရ ၂ စစ်တပ်နားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးစံလွင်ဟာ တောင်ကလေးကျေးရွာအုပ်စုထဲမှာရှိတဲ့ ကွင်းကလေးရွာ၊ တောင်ကလေးရွာ နဲ့ အင်းဝ‌ရွာတို့မှာရှိတဲ့ လူငယ်/လူရွယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ စရင်းကောက်တာ၊ စုဆောင်းတာပြုလုပ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"သူ့ကို စစ်ကောင်စီက ခန့်ထားတာမကြာသေးဘူး။ တက်ပြီးကတည်းက ကျေးရွာထဲမှာ လူငယ်တွေကို စစ်မှုထမ်းဖို့စာရင်းကောက်တာတွေလုပ်နေတာ။ မနက်ဖြန်တောင်မှ မဲနိုက်ပြီး လူငယ်တွေကို စစ်တပ်ထဲပို့ဖို့ လုပ်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတာပါ။ စစ်အာဏာရှင်စနစ် အမြန်ဆုံးပြုတ်ကျဖို့အတွက် ကျနော်တို့ KRF အဖွဲ့ကိုလည်း များများကူညီပေးကြပါ။" 

ပစ်ခတ်ခံရတဲ့ တောင်ကလေးအုပ်ချုပ်ရေးမှူး ဦးစံလွင်ဟာ ‌အုပ်ချုပ်ရေးမှူးဖြစ်တာ မကြာသေးပေမယ့် ငွေညစ်တာ၊ လူငယ်တွေကို အဓမ္မစစ်မှူထမ်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ တောင်ကလေးရွာမှာ နေထိုင်သူတယောက်က ပြောပါတယ်။

"သူက အုပ်ကြီးဖြစ်တာ တပတ်လောက်ရှိသေးတာကို ရော်ဘာခြံသမားတွေကော ဆိုင်ကယ်သမားတွေကို ငွေညှစ်‌တာတွလုပ်နေတာ။ စစ်မှူထမ်းဖို့ကိုလည်း သူ့အမျိုးတွေနဲ့ သူ့ကို ပိုက်ဆံပေးထားတဲ့သူတွေကိုမခေါ်ဘဲ ကြည့်မရတဲ့သူတွေပဲခေါ်တာ။ သူပစ်ခတ်ခံရပြီးတော့ အခုစစ်တပ်က ကျိုက်ထီးရိုးသွားတဲ့လမ်းမှာ စစ်နေတယ်။" 

ပစ်ခတ်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့တို့က ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို ဒေသခံလူမှုကူညီရေးအဖွဲ့တခုက ကျိုက်ထိုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ဘူတာလမ်းမှာ ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင် ဦးနေမင်းကြည်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သူပိုင်တဲ့ ကောင်းကွတ်တီယိုဆိုင်မှာ သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေက ကျိုက်ထိုမြို့အဝင်၊ အထွက်နဲ့ ကျိုက်ထီးရိုးသွားတဲ့ လမ်းတလျှောက်ရှိ ရော်ဘာခြံတွေမှာ အင်အားအများအပြားနဲ့ ကင်းပုန်းဝတ်ပြီး လုံခြုံရေးတင်းကျပ်ထားတာကြောင့် ရော်ဘာခြံလုပ်ကိုင်နေသူတွေ အခက်အခဲကြုံနေရပါတယ်။ 

ရော်ဘာအလုပ်သမားတယောက်က "ရော်ဘာခြံထဲမှာ အင်အား ၆၀/၇၀ လောက်နဲ့ နေရာအနှံ့‌ ကင်းပတ်ထား‌တာတော့ ရော်ဘာခြစ်ဖို့ မပြောနဲ့ အောက်တောင်မဆင်းရဲဘူး။ နေ့ဘက်ဆိုရင် စောင့်တဲ့စစ်သားတွေက သိပ်မရှိပေမဲ့ ညဘက်ဆို အများကြီးပဲ၊ ဘယ်သူမှမခြစ်ရဲပါဘူး။ တချို့ဆို ခြံတွေကို ဒီတိုင်းထားပြီး မြို့ထဲမှာပြန်နေနေကြတယ်" လို့ ပြောပါတယ်။

ကျိုက်ထို တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်မ ၄၄ ခြေမြန်ဌာနချုပ်နဲ့ ဘိုက္ကားကျေးရွာမှာရှိတဲ့ ခလရ ၂ တို့ကို KNU တပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်မှာစိုးတဲ့အတွက် ကင်းပုန်းချထားရတာဖြစ်နိုင်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရော်ဘာကျွမ်းကျင်အလုပ်သမားအများစုဟာလည်း စားဝတ်နေရေးကျပ်တည်းတာနဲ့ စစ်မှုထမ်းစနစ်တွေကြောင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်တာကြောင့် ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာနဲ့ကြုံတွေ့နေရပါတယ်။

မွန်ပြည်နယ်အတွင်း စစ်အာဏာမသိမ်းခင်က ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော် ရှိပေမဲ့ ရော်ဘာဧက နှစ်သိန်းနီးပါးမှာ လုပ်ကိုင်မှုမရှိပဲ ပိတ်သိမ်းထားရတယ်လို့ ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ကျိုက်‌မရောမြို့နယ် ဓမ္မသရွာမှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်နီးပါးစစ်ရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ မွန်ဖက်ဒရယ်ကောင်စီကပြောပါတယ်။

ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီက လေကြောင်း၊ မြေပြင်နဲ့ ရေတပ်တို့က တာဝေးပစ်လက်နက်ကြီးတွေနဲ့ မတ် ၂၇ ကစပြီး ပစ်ခတ်နေတာကြောင့် ဓမ္မသရွာကပြည်သူ ၆၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပါတယ်။

စစ်ဘေးရှောင်တွေဟာ ရွာနားဝန်းကျင်မှာရှိတဲ့ ဂူတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာစစ်ရှောင်နေရပြီး အကူအညီများစွာလိုအပ်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ပြောပါတယ်။

"စစ်ရှောင်တွေကတော့ အဓိကလိုအပ်နေတာကတော့ ဆန်နဲ့ရိက္ခာတွေပါ။ ကူညီပေးတဲ့သူတွေ ရှိနေတာတောင် စစ်ရှောင်နေရတော့ စားစရာ၊ ဆန်တွေနဲ့ တခြားရိက္ခာတွေက စစ်ဘေးရှောင်တွေဆီကို ရောက်ဖို့က နည်းနည်းခက်ပါတယ်။ နောက်ပြီး ကျန်းမာရေးပိုင်းမှာလည်း ပြုစုစောင့်ရှောက်ပေးတဲ့ အဖွဲ့တွေကလည်း မရှိသေးဘူးပေါ့။ အခြေအနေနည်းနည်း ငြိမ်သွားတာနဲ့ပိုပြီးတော့ ကူညီပေးနိုင်မယ်ထင်ပါတယ်။ အခုလည်း ကျနော်တို့ ပြည်သူတွေကြားထဲ ဝင်ရောက်ကူမယ့်အစီအစဉ်လည်း ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။

ဓမ္မသရွာမှာ လက်နက်ကြီးအပါအဝင် ဗုံးကြဲတာကြောင့် နေအိမ် ၃၀၀ကျော် မီးလောင်းဆုံးရှုံးခဲ့သလို လူ ၁ ဦးသေဆုံးခဲ့ပြီး လူ ၄၀ ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူတွေ၊ ပြည်ပရောက်မွန်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မွန်ဖက်ဒရယ်ကောင်စီက တောင်းဆိုထားပါတယ်။

Photo.MSFC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013