DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းစာရင်း တိုးမြှင့်ကောက်ယူရန် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖိအားပေး စေခိုင်း
DVB
·
March 28, 2024
စစ်မှုထမ်းစာရင်း တိုးမြှင့်ကောက်ယူရန် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖိအားပေး စေခိုင်း
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းစည်းရုံးတာတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်​တွေနဲ့ စပ်လျဉ်းတဲ့ ချပြရှင်းလင်းတဲ့ အစည်းအဝေးမှာ ဦးစိုးသိန်းက တိုင်းဌာနတာဝန်ရှိသူတွေ၊ ခရိုင်နဲ့ မြို့နယ် ဥက္ကဋ္ဌတွေကို ပြောကြားခဲ့တာပါ။

ပြည်သူအချို့အနေနဲ့ အခုအချိန်ထိ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကောင်းစွာ နားလည်သဘောပေါက်ခြင်း မရှိသေးတာကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူ​​တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိ၊ သဘောပေါက် နားလည်အောင် ရှင်းလင်းဟောပြောပွဲ​တွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို အကြိမ်ရေများစွာ ကျယ်ကျယ်ပြန်ပြန့်ဆောင်ရွက်ဖို့၊ စာရင်းကောက်ယူချိန်မှာ သေချာစွာနားလည်အောင် ရှင်းပြပြီး စာရင်းဇယားတွေ မှားယွင်းမှု မရှိအောင် အလေးထားဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး သတင်းအရင်းအမြစ်တခုက "စစ်မှုထမ်းစာရင်း ကောက်တာတွေထပ်ပြီး အရှိန်မြှင့်ဖို့ကို ဖိအားပေးခိုင်းတာပေါ့။ စစ်မှုထမ်းစာရင်းတွေကိုလည်း ပုံမှန်ပေးပို့ဖို့တွေ ပြောတယ်" လို့ ပြောပါတယ်။

လက်ရှိမှာ စစ်မူထမ်းပထမအသုတ်စာရင်းနဲ့ လူအင်အားကို စုဆောင်းထားပြီးဖြစ်ကာ ဆေးစစ်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီလို့လည်း တိုင်းအစိုးရရုံးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းစာရင်း မကောက်လိုတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်တာတွေ ရှိနေပေမယ့် စစ်မှုထမ်းလုပ်ငန်းစဥ်တွေ ရပ်မသွားအောင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ကြီးကြပ်ဆောင်ရွက်ဖို့ ညွှန်ကြားမှုတွေ ရှိတယ်လို့လည်း အုပ်ချုပ်ရေးအသိုက်အဝန်းဆီက သိရပါတယ်။

​ပြည်သူ့စစ်မူထမ်းဥပ​ဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသားအားလုံး နဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးအားလုံး စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး အမျိုးသမီးတွေကိုတော့ လတ်တလော မခေါ်သေးဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စက်မှုလက်မှု အပါအဝင် ကျွမ်းကျင်ပညာရှင်ဖြစ်ပါက အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်ထိ၊ အမျိုးသမီးက ၁၈ နှစ်မှ ၃၅ နှစ်ထိ အကျုံးဝင်ကြောင်း၊ မည်သည့်ဘာသာဝင်မဆို သာသနာ့ ၀န်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ၊ သားသမီးရှိသော အိမ်ထောင်ပျက် အမျိုးသမီးတွေ အပါအဝင်၊ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းဖို့ မသင့်လျော်သူ၊ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သီးခြားအမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုသူ​တွေကလွဲ​ပြီး အကျုံးဝင်သူအားလုံးဟာ မဖြစ်မနေ စစ်မှုထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013