DVB Logo
Home
နိုင်ငံတကာ
ကွန်တိန်နာသင်္ဘောကြီး ဝင်တိုက်မိပြီး  ဘာလ်တီမိုးတံတား ပြိုကျ
DVB
·
March 27, 2024
ကွန်တိန်နာသင်္ဘောကြီး ဝင်တိုက်မိပြီး  ဘာလ်တီမိုးတံတား ပြိုကျ
Donate to DVB

ကွန်တိန်နာသင်္ဘောကြီး ဝင်တိုက်မိပြီး  ဘာလ်တီမိုးတံတား ပြိုကျ

DVB

အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းမှာ အစည်ကားဆုံးဆိပ်ကမ်းတွေထဲက တခုဖြစ်တဲ့ ဘာလ်တီမိုးဆိပ်ကမ်းမှာ မတ် ၂၆ ရက် အစောပိုင်းက ကွန်တိန်နာသင်္ဘောကြီး ဝင်တိုက်လို့ တံတားပြိုကျခဲ့တဲ့အတွက် အလုပ်သမားခြောက်ဦးပျောက်ဆုံးနေပြီး သေဆုံးပြီလို့ ယူဆရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ရေငုပ်အဖွဲ့တွေက မှောင်မိုက်ပြီးအပျက်အစီးတွေ ပြန့်ကျဲနေတဲ့ အလွန်အေးမြတဲ့ရေပြင်ထဲမှာ ပျောက်ဆုံးသူတွေကို ရှာဖွေခဲ့ကြပေမဲ့  နှစ်ဦးသာ ရှာတွေ့ခဲ့ပါတယ်။ 

ကယ်ဆယ်ရေးသမားတွေဟာ ပါတက်ပ်စကိုမြစ်အတွင်း အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေပြီး ဘာလ်တီမိုးမြို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ကယ်ဗင် ကာ့တ်ရိုက်တ်ရဲ့ ပြောကြားချက်အရ မြစ်ထဲမှာ လူ ၂၀ လောက် ရှိနေနိုင်ကြောင်း သိရပါတယ်။ 

အခင်းဖြစ်ပြီး ၁၈ နာရီအကြာမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်စဲလိုက်ပါတယ်။ ပျောက်ဆုံးနေသူတွေဟာ တံတားပေါက်ပြဲမှုကို ဖာထေးပြုပြင်နေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေလို့ ဆိုပါတယ်။

စင်ကာပူအလံလွှင့်ထားတဲ့ Dali အမည်ရှိကုန်သေတ္တာသင်္ဘောဟာ ဘာလ်တီမိုးဆိပ်ကမ်းကနေ သီရိလင်္ကာကို ထွက်ခွာလာချိန် ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ ပါတက်ပ်စကို မြစ်ကမ်းရှိ ဖရန်စစ်စကော့ကီးတံတားရဲ့  ထောက်တိုင်ကို ဝင်တိုက်မိတာပါ။

သင်္ဘောဟာ လုံးဝစွမ်းအင်ပြတ်တောက်သွားပြီး တွန်းကန်မောင်းနှင်အား ပျောက်ဆုံးသွား တဲ့အတွက် အရေးပေါ် အခြေအနေအဖြစ် ကျောက်ဆူးတွေချခဲ့ရပါတယ်။

ပေ ၁၀၀၀ နီးပါးရှည်တဲ့ သင်္ဘောဟာ အထိန်းအကွပ်မဲ့ရွေ့လျားလာနေတဲ့အတွက် တံတားပေါ်ဖြတ်သန်းမှုတွေကို တာဝန်ရှိသူတွေက အချိန်မီရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီသင်္ဘောကို မဲ့စ်ခ် သင်္ဘောကုမ္ပဏီမှ စင်းလုံးငှားထားတာဖြစ်ကြောင်း ဒိန်းမတ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖရန်စစ်စကော့ကီးတံတား ပြိုကျမှုကြောင့် မော်တော်ကားတွေနဲ့ လူအများအပြားလည်း ရေထဲကျသွားခဲ့ပါတယ်။

မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးဝက်စ်မိုးရ်က အရေးပေါ်အခြေအနေ ကြေညာထားပြီး မေရီလန်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (MTA) က ယာဉ်အသွားအလာအားလုံးကို လမ်းလွှဲထားကြောင်း ပြောကြားခဲ့ပါတယ်။

ဘာလ်တီမိုး တံတားပြိုကျမှုကို အိမ်ဖြူတော်က အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူက ပြောကြားကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။

အိမ်ဖြူတော်မှ အကြီးတန်းအရာရှိတွေဟာ မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး ဝက်စ်မိုးရ်နဲ့ ဘာလ်တီမိုးမြို့တော်ဝန် ဘရန်ဒန်အမ်စကော့ထ်တို့နဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ ဖက်ဒရယ်အကူအညီကိုပေးဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဘာလ်တီမိုးရဲတပ်ဖွဲ့ကတော့ ဖရန်စစ်စကော့ကီး တံတားပြိုကျမှုမှာ သင်္ဘောက ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်တိုက်လိုက်တဲ့ အထောက်အထားမရှိဘူးလို့ ပြောပါတယ်။ သင်္ဘောတိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးမှာ FBI လည်း ပါဝင်လာပါတယ်။

မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့မှာရှိတဲ့  ၁ ဒသမ ၆ မိုင်ရှည်လျားတဲ့ ၄ လမ်းသွား ဖရန်စစ် စကော့ကီး တံတားကြီးကို ၁၉၇၇ ခုနှစ်က ပါတက်ပ်စကို မြစ်ကို ဖြတ်ကူးဆောက်လုပ်ထားပြီး ဘာလ်တီမိုးဆိပ်ကမ်းရဲ့ အပြင်ဘက်ဆုံး ဖြတ်ကူးတဲ့ နေရာဖြစ်ပါတယ်။

Source/Photo-NTSB | Credit: via REUTERS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013