DVB Logo
Home
မြန်မာသတင်း
မောင်တောဆေးရုံအုပ်နှင့် သမားတော် ၁ ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်
DVB
·
March 26, 2024
မောင်တောဆေးရုံအုပ်နှင့် သမားတော် ၁ ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်
Donate to DVB

မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာ နုကေသီစံနဲ့ သမားတော် ဒေါက်တာအောင်နိုင်လင်းတို့ကို ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက မတ် ၂၅ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့  ဒေသခံထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မတ် ၄ ရက်ကတည်းက မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးကို ခံတပ်စခန်းအဖြစ် ပြုလုပ်ထားပြီး ဆေးရုံမှာရှိတဲ့ ဝန်ထမ်းတွေကို အတင်းအကျပ် နှင်ထုတ်ကာ မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးကိုပါ ပိတ်ထားတာပါ။

မောင်တောဒေသခံတဦးက “မတ်လ ၄ ရက်ကနေ ဆေးရုံက ဝန်ထမ်းတွေကို အတင်းအကျပ် နှင်ထုတ်ပြီးတော့ ဆေးရုံထဲမှာ ခံတပ်စခန်းအဖြစ် လုပ်ထားတယ်။ ဆေးရုံလည်း ပိတ်ထားတော့ ပြည်သူတွေလည်း ဆေးရုံဆေးခန်း ပြလို့မရဘူး။ ကျန်းမာရေးအခက်အခဲရော ဆေးဝါးပြတ်လပ်မှုတွေပါ ကြုံနေကြတယ်” လို့ ပြောပါတယ်။

မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာ နုကေသီစံနဲ့ သမားတော် ဒေါက်တာ အောင်နိုင်လင်း တို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်တာနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုချိန်ထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်သားတွေကို ဆေးကုသပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီး တခုလုံးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်တပ်စွဲထားတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ကြောက်ရွံ့နေတယ်လို့ မောင်တောမြို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“AA စစ်သားတွေကို ဆေးကုပေးတယ်ဆိုပြီးတော့ ဆေးရုံကို စစ်ကောင်စီတပ်သားတွေ ဝင်ပြီးတော့ ပိတ်ချလိုက်တာ။ ကျန်းမာရေးဝန်ထမ်းတွေလည်း ကြောက်နေကြပြီးတော့ တချို့ဆို ရှောင်နေကြပြီ။ အခုလို တပ်စွဲလိုက်တော့ ပြည်သူတွေ ကျန်းမာရေးအရ ဆေးကုဖို့လည်း အခက်အခဲတွေ အများကြီးရှိသွားပြီ။”

စစ်ကောင်စီရဲ့ အခုလို ဆေးရုံထဲမှာ တပ်စွဲထားမှုအပြင် ကျန်းမာရေးဝန်ထမ်းနှစ်ဦးကို ဖမ်းဝရမ်းထုတ်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ်နဲ့အတူ အရပ်ဘက် အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ အပါအဝင် သတင်းထောက်တွေကိုပါ ရှာဖွေဖမ်းဆီး ဝရမ်းထုတ်ထား ပါတယ်။

စစ်ကောင်စီဟာ ရခိုင်တိုက်ပွဲတွေအတွင်းမှာ ဆေးရုံဆေးခန်းတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေဟာ ကျန်းမာရေးကုသဖို့နဲ့ ဆေးဝါးပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၇ ရက်က မင်းပြားမြို့နယ် မင်းဖူး အရပ်ဘက်ဆေးရုံ ပျက်စီးခဲ့ရသလို မတ် ၂၄ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီး အရပ်ဘက်ဆေးရုံတခု ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရမ်းဗြဲမြို့မဆေးရုံ၊ ပေါက်တောမြို့မဆေးရုံတွေကိုပါ စစ်ကောင်စီက စစ်ရေးပစ်မှတ်အဖြစ်နဲ့ ဖျက်ဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်ဘက်ပြည်သူတွေ အပါအဝင် ဆေးရုံ၊ ဆေးခန်း၊ နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ သမိုင်းဆိုင်ရာ အထောက်အထားတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ်နဲ့ တိုက်ခိုက်နေကာ အရပ်သား ပြည်သူလူထု သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုနှုန်းဟာ ပိုတိုးလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013