DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများကို  စစ်ကောင်စီက ခြိမ်းခြောက်ပြီး AA အလိုမရှိကြောင်း ဆန္ဒပြခိုင်း 
DVB
·
March 26, 2024
ရိုဟင်ဂျာများကို  စစ်ကောင်စီက ခြိမ်းခြောက်ပြီး AA အလိုမရှိကြောင်း ဆန္ဒပြခိုင်း 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရိုဟင်ဂျာတွေကို အဖမ်းခံရမယ်၊ အိမ်တွေ မီးရှို့ပစ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြီး AA အလိုမရှိကြောင်း ဆန္ဒပြခိုင်းတဲ့အတွက် ရပ်ကွက်နဲ့ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ  ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ရတယ်လို့  ရိုဟင်ဂျာတွေက ပြောပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေသီးခြားနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်၊ ကန်တော်ကြီး၊ ဘုမေရွာ၊ ဘာဆာရွာနဲ့ စစ်တွေ ဒုက္ခသည် စခန်းတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေကိုခေါ်ပြီး ဆန္ဒပြရမယ်၊ မပြရင်အဖမ်းခံရမယ် အိမ်တွေ မီးရှို့ခံရမယ်ဆိုပြီး  ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ အောင်မင်္ဂလာရပ်ကွက်နေသူ တယောက်က ပြောပါတယ်။

ဒါ့ပြင် ဆန္ဒပြသူတွေကို စစ်ကောင်စီဘက်က  ခေါက်ဆွဲခြောက်တွေ ပေးဝေခဲ့တယ်လို့လည်း အောင်မင်္ဂလာရပ်ကွက်နေသူက ဆိုပါတယ်။

ပြီးခဲ့တဲ့လက ဘုမေရပ်ကွက်ထဲကနေ စစ်မှုထမ်းဖို့ လူ ၁၅ ယောက်ကို ခေါ်ဆောင်သွားပြီး နောက်ထပ် လူ ၂၀ ပေးဖို့ စစ်ကောင်စီက တောင်းဆိုလာတယ်လို့ သိရပါတယ်။

ပထမပါသွားတဲ့သူတွေလည်း ဘယ်ရောက်နေမှန်းမသိ အဆက်အသွယ်လည်း မရတာကြောင့် လူထပ်ပေးဖို့မရှိဘူးလို့ ငြင်းဆိုလိုက်လို့ တနေ့ကို ၃ ကြိမ် ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က အတင်း၀င်ရောက် ဖမ်းဆီးခဲ့တယ်လို့  ဘုမေရပ်ကွက်နေရိုဟင်ဂျာတဦးက ပြောပါတယ်။

ညဘက်မှာလည်း ဥပုသ်ယူဖို့ ဘုရားဝတ်ပြုတဲ့ ဗလီထဲအထိကို ဝင်ရောက်ကာ ရိုဟင်ဂျာ လူငယ်တွေကိုပဲ ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့်  ငွေ ကျပ်သိန်း ၁၀၀ ပေးညှိနှိုင်းခဲ့ပေမဲ့ မရဘူးလို့ ဘုမေရပ်ကွက်နေ ရိုဟင်ဂျာတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ  ရှုံးနိမ့်မှုကို အာရုံလွဲဖို့အတွက် လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်အောင် အခုရက်ပိုင်းတွေမှာ ပိုမိုအားစိုက် လုပ်လာတာကို တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

မတ် ၁၉ ရက်က ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က အဓိကကြိုးကိုင်ပြီး ရိုဟင်ဂျာတွေကို ဆန္ဒပြခိုင်းခဲ့ကြောင်းနဲ့ မောင်းတောမြို့မှာလည်း အလားတူ ဆန္ဒပြပွဲဖြစ်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့  စစ်ကောင်စီကဖြစ်စေချင်တဲ့ နိုင်ငံရေးထောင်ခြောက်ထဲကို သက်ဆင်းမသွားဖို့နဲ့  သတိထားနေကြဖို့  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က တိုက်တွန်းပါတယ်။

စစ်ကောင်စီက အဓမ္မစစ်သားဆု‌ဆောင်းတဲ့အနေနဲ့   ရခိုင်ဒေသထဲနေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင်လူငယ်တွေကို  စစ်ကောင်စီတပ်ထဲမှာ  ထည့်သွင်းအသုံးပြုလာတာကို တွေ့ရပါတယ်။

စစ်ကောင်စီနဲ့ ပူပေါင်းတိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲအစည်း ဘယ်သူ့ကိုမဆို စစ်ကောင်စီရဲ့ ဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့ အာရက္ခဒေသထဲမှာ ရခိုင့်တပ်တော်ကလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့မှ မရှိရဆိုတဲ့မူအတိုင်းရှိနေမယ်လို့ AA က  မတ် ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ရပ်မိရပ်ဖတွေ၊ ရာအိမ်မှူးတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ် နေတဲ့ ရိုဟင်ဂျာတချို့ကနေ တဆင့် ရိုဟင်ဂျာတွေကို အတင်းဆန္ဒပြခိုင်းတာရှိသလို စစ်မှုထမ်းဖို့ လူထည့်ပေးရတာကို လုပ်ခိုင်းနေပါတယ်။

မောင်တောဘက်က ရွာတွေတချို့မှာ ဆန္ဒမပြလို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေရှိနေလို့ အဆက်မပြတ်စောင့်ကြည့်နေပြီး မိတ်ဖက်အဖွဲ့တွေ နိုင်ငံတကာအဖွဲ့တွေကို ပူးပေါင်း ဆောင်ရွက်သွားဖို့နဲ့ NUG အစိုးရကိုလည်း အကြံပေးသွားဖို့ ရှိကြောင်း NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ 

ဆန္ဒပြပွဲတွေကိုတော့  အောင်မင်္ဂလာရပ်ကွက်က မေလ ၂၁ ရက်၊ စစ်တွေဒုက္ခသည်စခန်းက ၂၂ ရက်။ ဘုမေရပ်ကွက်က ၂၃ ရက်နေ့တွေမှာ ကိုယ့်နေရာမှာကိုယ် သီးခြားစီ ဆန္ဒပြသခဲ့ကြပါတယ်။ မတ်လ  ၁၉ ရက်နဲ့  ၂၀ ရက်နေ့တွေတုန်းကလည်း ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာတွေကို စုပြီး ဘူးသီးတောင်မြို့နယ်ထဲမှာ အခုလိုပဲလှည့်လည်ပြီး ဆန္ဒပြခိုင်းခဲ့ပါတယ်။ 

  မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013