DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်ရှိ ရန်အောင်မြင် စစ်စခန်းကို AA သိမ်းပိုက်
DVB
·
March 25, 2024
မောင်တောမြို့နယ်ရှိ ရန်အောင်မြင် စစ်စခန်းကို AA သိမ်းပိုက်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ ရန်အောင်မြင်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က မတ် ၂၃ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ မတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ အရေးပါတဲ့ ၁၁ မြို့နယ်ကို သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်တော်ဟာ ထိုးစစ်အရှိန်မြှင့်ပြီးတော့ မောင်တောမြို့နယ်က ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို တလနီးပါး ဝန်းရံ ပိတ်ဆို့ထားခဲ့တာပါ။

မတ်လ ၂၃ ရက်မှာတော့ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းရဲ့ အနောက်ဘက်က ရန်အောင်မြင် စစ်စခန်းကို အပြီးသတ်သိမ်းပိုက်ရယူထားပြီး ရန်သူ့အလောင်းတွေ၊ စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းတခို့ သိမ်းပိုက်ရရှိတယ်လို့  AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော်ဟာ မောင်တောမြို့နယ်က တမန်းသားစခန်းနဲ့ ဘူးသီးတောင်မြို့နယ်က ခမရ ၅၅၂ တို့ကိုပါ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး သိမ်းပိုက်ရရှိဖို့ လက်တကမ်းအလိုမှာရှိပြီးတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်း ၂၀ ကျော်ကိုအပြင် လက်နက်ခဲယမ်းတွေကိုပါ ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်အရပ်ဘက်အဖွဲ့အစည်းတခုမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေလောက်ပဲ AA ဘက်က သိမ်းဖို့ကျန်တော့တယ်။ ဘူးသီးတောင်၊ မောင်တောဘက်တွေမှာလည်း စစ်ရေးအရ အရေးသာနေတော့ မကြာခင်မှာတော့ သိမ်းပိုက်နိုင်တော့မယ်လို့ ထင်တယ်။ AA ဘက်ကနေတော့ စစ်တွေကို သိမ်းလို့ရရင် ရခိုင်တပြည်နယ်လုံးကို ထိန်းချုပ်လို့ ရနိုင်မယ့် အတိုင်းအတာမှာ ရှိသွားပြီ” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ချင်းပြည်နယ်က ပလက်ဝမြို့နဲ့ မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ၊ လက်ယာ မြို့နှစ်မြို့ကိုပါ သိမ်းပိုက်ထားပါတယ်။

AA က သိမ်းပိုက်ထားတဲ့ မြို့တွေမှာရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီဘက်က နေ့စဥ်ရက်ဆက် လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်တာအပြင် စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ နေရာတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အပေါ် ရခိုင်ပြည်သူတွေအနေနဲ့ စစ်ရေးသတိဝီရိယထားပြီး သွားလာကြဖို့၊ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ရက္ခိုင့်တပ်တော်ကနေ တိုက်တွန်းထားပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ပြည်သူပိုင် နေအိမ်တွေ၊ အဆောက်အဦတွေနဲ့ သမိုင်းဆိုင်ရာ အမွေအနှစ်တွေကို ဖျက်ဆီးနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲမှာ အတူယှဥ်တွဲနေထိုင်ကြတဲ့ ရခိုင်လူမျိူးတွေနဲ့ မွတ်စလင်လူမျိုးတွေကြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် လူမျိုးရေး မုန်းတီးရေးဆန်ဆန် ဝါဒဖြန့်ချိနေတဲ့အပြင် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ရှေ့တန်းတွေကို ပို့တာတွေအပြင် AA ကို ဆန့်ကျင်ကြောင်း အတင်းအဓမ္မ ဆန္ဒပြပွဲတွေ လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီဟာ ဖြတ်လေးဖြတ် အပါအဝင် ဖုန်း၊ အင်တာနက်၊ ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်၊ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီတွေ ပေးခွင့် အားလုံးကိုလည်း ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013