DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဒရုန်းကြောင့် ကောလင်း စစ်ရှောင် ၁ ဦး သေ၊ ရေဦးတွင် လက်နက်ကြီးထိပြီး ၂ ဦးသေ
DVB
·
March 24, 2024
စစ်ကောင်စီ ဒရုန်းကြောင့် ကောလင်း စစ်ရှောင် ၁ ဦး သေ၊ ရေဦးတွင် လက်နက်ကြီးထိပြီး ၂ ဦးသေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲချလို့ စစ်ဘေးရှောင် တစ်ဦး သေဆုံးပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာတော့ လက်နက်ကြီးထိမှန်လို့ ရွာသား နှစ်ဦး သေဆုံးသလို စစ်ကြောင်းကလည်း အရပ်သား တစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ ကောလင်းမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်လာတဲ့ ပန်းတင်ရွာသား အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်သန်း ရင်ဘတ်ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကောလင်း ဒေသခံတယောက်က “ဒီဘက်မှာ စကစက ဒရုန်းကို ပိုပြီးအသုံးပြုလာပါတယ်ဗျ။ အခု ဒရုန်းနဲ့ အတိုက်ခံရတဲ့နေရာက တိုက်ပွဲနဲ့မဆိုင်ပါဘူး။ စစ်ရှောင်တွေနေတဲ့နေရာပါ” လို့ ပြောပါတယ်။

ကောလင်းမြို့နယ် အနောက်ဘက်ခြမ်းမှာ မတ် ၂၁ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရှောင်ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ ကောလင်းခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့နယ်အတွင်းကို ဝန်းသိုခမရ ၁၂၀ ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ဒရုန်းဗုံးအသုံးပြုမှုတွေ ပိုများလာတယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဗိုလ်ရုံရွာမှာ မတ် ၂၄ ရက် မနက်ပိုင်းက လက်နက်ကြီးထိမှန်ပြီး ရွာသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနက် ၈ နာရီမှာ ရေဦးမြို့ပေါ် မြောက်ဘက်ဂိတ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးက  ဗိုလ်ရုံကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပါတယ်။

ရေဦးနဲ့ တန့်ဆည်အစပ်ကို ဝင်ရောက်နေတဲ့ စစ်ကြောင်းကလည်း မတ် ၂၃ ရက် နေ့လယ် ၁ နာရီလောက်ကစလို့ တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို မီးရှို့ပြီး အရပ်သား ၁ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ရေဦးအခြေစိုက် people’s defense comrade အဖွဲ့က ထူးခန့်ဇော်(အမေ့သား) က “လက်ရှိတော့ စစ်ကြောင်းက တန့်ဆည်နဲ့ ရေဦးအစပ်က ဗိုလ်ရုံရွာမှာ ရှိနေတယ်။ စစ်ကြောင်းကလည်း ရွာထဲမှာရှိနေတော့ သေဆုံးသူတွေရဲ့ အချက်အလက်ကို မသိရသေးဘူး။ ချောင်းရိုးရွာကိုလည်း နယ်မြေရှင်းလင်းရေး မဝင်ရသေးတော့ ပျက်စီးမှုတော့ မသိနိုင်သေးဘူး။ စစ်ကြောင်းက တိုက်ပွဲမဖြစ်ဘဲနဲ့ ကန့်ဘလူနယ်ကနေ တန့်ဆည်မြောက်ဘက်ကို ဝင်လာတာ။ တန့်ဆည်ကနေမှ ရေဦးနဲ့ချုပ်စပ်ရွာတွေကို စစ်ကြောင်းထိုးနေတာ” လို့ ပြောပါတယ်။

မတ် ၂၀ ရက်နေ့ကစလို့ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်ကို အင်အား ၁၅၀ ပါ ကန့်ဘလူ ဦးဝါသဝ ပျူစောထီး စစ်ကြောင်းကဝင်​ရောက်ပြီး ကျေးရွာတွေကို မီးရှို့နေတာလို့ သိရပါတယ်။

စစ်ကြောင်းကြောင့် တန့်ဆည်-ရေဦးအစပ်က ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၆,၀၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013