
OpenAI ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဆမ်အော့တ်မန်းရဲ့ နေအိမ်ကို မိုလိုတော့ဗ် ကော့တေးလ်မီးပုလင်းနဲ့ ပစ်ပေါက်ခဲ့သူနဲ့ ဉာဏ်ရည်တု နည်းပညာလုပ်ငန်းသစ်ကုမ္ပဏီရဲ့ ရုံးချုပ်ရှေ့မှာ ခြိမ်းခြောက်မှုတွေလုပ်ခဲ့သူတယောက်ကို ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဧပြီ ၁၀ ရက်မှာ ကုမ္ပဏီက ပြောပါတယ်။
အမျိုးသားတယောက်ဟာ မနက်အစောကြီး ၄ နာရီ ၁၂ မိနစ်မှာ နော့သ်ဘိချ် အရပ်က နေအိမ်တလုံးကို မီးလောင်စေနိုင်တဲ့ ပစ္စည်းတခုနဲ့ ပစ်ပေါက်ပြီး ခြေလျင် ထွက်ပြေးသွားတယ်လို့ ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့ရဲ့ X မှာ ရေးသားထားတဲ့ ပို့စ်တခုမှာ ရေးပါတယ်။
အဲဒီနောက် အဆောက်အအုံတခုကို မီးရှို့မယ်လို့ ခြိမ်းခြောက်သူရှိကြောင်း နောက်ထပ် ဖုန်းဝင်လာတာကြောင့် ရဲတွေ သွားရောက်စစ်ဆေးတာမှာ အသက် ၂၀ အရွယ် သံသယရှိသူကို နောက်တနာရီလောက်အကြာမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ အခုလိုလုပ်ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီဖြစ်ရပ်ဟာ OpenAI ကုမ္ပဏီအပေါ် ဖိအားတွေ အပြင်းအထန်ရှိနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပြိုင်ဘက်ဖြစ်တဲ့ အန်သရိုးပစ်ကုမ္ပဏီနဲ့ အမေရိကန်အစိုးရတို့ကြားမှာ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီးနောက်မှာ OpenAI ကုမ္ပဏီဟာ သူတို့ရဲ့ AI နည်းပညာကို အမေရိကန်အစိုးရနဲ့ လျှို့ဝှက်စစ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုခွင့်ပေးမဲ့ သဘောတူညီချက်ယူခဲ့တာကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ကြုံနေရတာ ဖြစ်ပါတယ်။
မကြာသေးခင်က NBC သတင်းဌာနရဲ့ လူထုစစ်တမ်းတခုအရလည်း AI နည်းပညာအပေါ် လူကြိုက်များမှုဟာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) ထက်တောင် နည်းနေတာကို တွေ့ရှိခဲ့ပါတယ်။
Source: Reuters










