DVB Logo
Home
အားကစား
နောက်တဆင့်တက်ရန် မဖြစ်နိုင်တော့သည့်  ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာအသင်း   
DVB
·
March 22, 2024
နောက်တဆင့်တက်ရန် မဖြစ်နိုင်တော့သည့်  ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာအသင်း   
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့်ပွဲစဉ်တွေကို မတ်လ ၂၁ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ တကျော့ပြန် ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာအသင်းက အိမ်ကွင်းမှာ ဆီးရီးယားအသင်းနဲ့ တဂိုးစီသရေကျခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၁၆၂  ရှိမြန်မာအသင်းအနေနဲ့ ကမ္ဘာ့အဆင့် ၈၉ ရှိတဲ့ ဆီးရီးယားကို သရေရလဒ် ရယူ နိုင်ခဲ့တာက ကျေနပ်စရာရလဒ်လို့ဆိုရမှာပါ။

ဒါပေမဲ့ ခြေစစ်ပွဲအုပ်စုအဆင့်မှာတော့ မြန်မာအသင်းက အုပ်စုအောက်ဆုံးမှာ ရမှတ်တမှတ်နဲ့ ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်။

မြန်မာအသင်းပါဝင်တဲ့ အုပ်စု (B) မှာ အာရှထိပ်သီး ဂျပန်နဲ့ မြောက်ကိုရီးယားအပါအဝင် ဆီးရီးယားအသင်းလည်း ပါဝင်နေတာကြောင့် နောက်တဆင့်တက်ဖို့အတွက် ကတော့ မြန်မာအသင်းအတွက် မဖြစ်နိုင်တော့တဲ့ အခြေအနေလို့ ဆိုရမှာပါ။

ဒါပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေဟာ ၂၀၂၇ အာရှဖလားခြေစစ်ပွဲနဲ့ စပ်ဆက်နေတာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကနေထွက်ခဲ့ရသည့်တိုင် အာရှဖလားခြေစစ်ပွဲတွေဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်မှာ အုပ်စုတခုမှာ အသင်းလေးသင်းစီပါဝင်ပြီး စုစု ပေါင်း ၉ အုပ်စုခွဲပြီး ယှဉ်ပြိုင်ကစားကြတာပါ။

တစ်အုပ်စုတည်းတွေ့ဆုံတဲ့အသင်းလေးသင်းက အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ် ၆ ပွဲကစားအပြီးမှာ အုပ်စုပထမနဲ့ ဒုတိယရရှိတဲ့အသင်း ၁၈ သင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။

ဒါ့အပြင် အဲဒီအသင်း ၁၈ သင်းက ၂၀၂၇ အာရှဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်တယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ထွက်လိုက်ရတဲ့ အသင်းတွေကတော့ ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယ အဆင့်ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။

မြန်မာအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုတတိယ သို့မဟုတ် အုပ်စုအောက်ဆုံး စတုတ္ထနေရာမှာ ရပ်တည်ဖို့သာ ဖြစ်နိုင်လို့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အာရှဖလားခြေစစ်ပွဲတတိယအဆင့်ကိုတော့ တိုက်ရိုက်ယှဉ်ပြိုင်ကစားခွင့်ရရှိမှာပါ။

၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အုပ်စု ၉ ခုက အသင်း ၁၈ သင်းအပါအဝင် ပလေးအော့ဖ်အဆင့် ကနေ အနိုင်ရပြီးနိုင်လာမယ့် အသင်း ၅ သင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာတုန်းက ရှုံးနိမ့်ခဲ့တဲ့အသင်းတွေထဲက အကောင်းဆုံးအသင်းဖြစ်တဲ့ ဘူတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။

စုစုပေါင်း ၂၄ သင်းရှိပြီး အုပ်စုတခုကို ၄ သင်းနဲ့ စုစုပေါင်းအုပ်စု ၆ ခုခွဲခြားပြီး ယှဉ်ပြိုင်ကစားကြရမှာပါ။

အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ ကစားအပြီးမှာ အုပ်စုပထမနေရာရရှိတဲ့အုပ်စု ၆ ခုက အသင်း ၆ သင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်တက်ရောက်ခဲ့တဲ့ ၁၈ သင်းနဲ့ အတူ ၂၀၂၇ အာရှဖလားပြိုင်ပွဲခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တတိယအဆင့် တက်လှမ်းနိုင်ဖို့က အုပ်စုပြိုင်ဘက်တွေရဲ့ ခြေစွမ်းအဆင့်အတန်းအရ မဖြစ်နိုင်တော့တဲ့အခြေ အနေဖြစ်ပြီး အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှာ ရလဒ်ကောင်းရယူနိုင်ဖို့ကသာ လက်တွေ့ကြတဲ့ချဉ်းကပ် မူဖြစ်တယ်။

မြန်မာအသင်းအတွက် ကမ္ဘာ့ဖလားဆိုတာက အဝေးကြီးမှာရှိနေသေးပြီး အာရှဖလားပြိုင် ပွဲမှာတောင် ခြေစစ်ပွဲမအောင်မြင်ခဲ့တာက ၁၉၆၈ ခုနှစ်မှာ ဒုတိယဆုရယူပြီးနောက် ပိုင်းကတည်းက ဆိုတော့ ဒီကနေ့အချိန်အထိဆိုရင် ၅၆ နှစ်ကြာမြင့်နေပါပြီ။

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကနေ ကိုယ့်ထက်မြင့်တဲ့အသင်းတွေနဲ့ယှဉ်ပြိုင်ရင်း ပြိုင်ပွဲ အတွေ့အကြုံနဲ့ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေ၊ စုစည်းညီညွတ်မှုတွေသာ ရယူသွားရမှာဖြစ်ပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်နိုင်ရေးကသာ လက်တွေ့ကျတဲ့ ရည်မှန်းချက်ဖြစ်တယ်။

အချုပ်ဆိုရရင် မြန်မာအသင်းအတွက် ကမ္ဘာ့ဖလားဆိုတာထက် နှစ်ပေါင်း ၅၆ နှစ်ကြာ ယှဉ်ပြိုင်ခွင့်မရသေးတဲ့ အာရှဖလားခြေစစ်ပွဲ အောင်မြင်နိုင်ဖို့ကသာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013