DVB Logo
Home
Lead Story
စစ်ကောင်စီတပ်များ ပြိုလဲလာနေသည့် အနေအထားအသစ်များ
DVB
·
March 22, 2024
စစ်ကောင်စီတပ်များ ပြိုလဲလာနေသည့် အနေအထားအသစ်များ
Donate to DVB

ရက္ခိုင့်တပ်တော်သည် ရမ်းဗြဲမြို့အား သုံးလကြာ ထိုးစစ်ဆင်ပြီးနောက် အပြီးအပိုင် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

စိတ်ဝင်စားစရာ ဖြစ်လာရသည်က ရမ်းဗြဲသည် တရုတ်-မြန်မာ ဖက်စပ် ကျောက်ဖြူ ပင်လယ်နက်ဆိပ်ကမ်း ဆောက်လုပ်နေသည့် ကျွန်းပေါ်တွင် တည်ရှိနေခြင်းပင် ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ကီလိုမီတာ ၁,၇၀၀ ရှည်လျားသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လမ်းမကြီး၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ သို့သော် တရုတ်သည် ထိုဆိပ်ကမ်း ဆောက်လုပ်ရေးအတွက် စစ်ကောင်စီထံမှ ရသမျှ ထပ်မံညှစ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် စီမံကိန်း အကောင်အထည်ဖော်ဖို့သာရှိပြီး ရက္ခိုင့်တပ်တော်မှလည်း အနှောင့်အယှက်ပေးဖို့ မရှိသဖြင့် စိတ်အေးရသည့် အနေအထားတွင် ရှိနေသည်။

ယခုအခါ ရက္ခိုင့်တပ်တော်သည် ရသေ့တောင်မြို့ကို ဦးတည် တိုက်ခိုက်နေပြီး မောင်တောတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ စစ်ကောင်စီတပ်သား ၁၁၇ ဦးအထိ ထွက်ပြေး ခိုလှုံသွားခဲ့ပြန်သည်။

ကချင်လွတ်လပ်ရေးတပ်တော်သည်လည်း စစ်ဆင်ရေး စတင်ခဲ့သည့် မတ်လ ၇ ရက်မှစ၍ ယနေ့အထိ မဟာဗျူဟာအရ လွန်စွာအရေးပါသည့် စစ်ကောင်စီတပ်စခန်း ၁၀ ခု အပါအဝင် စုစုပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော် မြို့များရှိ စခန်းများကို ဆက်လက်တိုက်ခိုက်လျက် ရှိနေသည်။

ထိုသို့သော အခြေအနေများကြောင့် ဝါရှင်တန်ရှိ အထင်ကရ အဖွဲ့အစည်းဖြစ်သော Council on Foreign Relations (CFR) မှ နိုင်ငံအခြေအနေကို ယခုလို ရေးသားဖော်ပြလာခဲ့သည်။

ပြီးခဲ့သည့် ခြောက်လမှစ၍ တပ်မတော်ဆိုသော စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များသည် တဖြည်းဖြည်းနှင့်  ပြိုကွဲလာခဲ့ပြီ ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ပြည်ပရှိ အကျိုးစီးပွားများ ဆက်နွှယ်နေသော နိုင်ငံများအနေဖြင့် စစ်တပ်ပြိုလဲသွားက ဖြစ်ပေါ်လာနိုင်သည့် အနေအထားများကို အလျှင်အမြန် အုပ်စီးမိရန် အရေးပေါ်အစီအမံများ စတင် ရေးဆွဲထားသင့်ပြီဟု တိုက်တွန်းခဲ့ပြီးဖြစ်သည်။

ထိုအစီအစဉ်များသည် လက်ရှိ ရရှိထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဗမာ တော်လှန်‌ရေးအဖွဲ့များအကြား ရရှိထားပြီးသော ဆက်သွယ် ပေါင်းစည်းမှုများအား အရေးမပါလှဟု ပြောလိုခြင်းမဟုတ်ဘဲ ဆိုးဝါးလာနိုင်သည့် အနေအထားများ အများအပြား ရှိနေ၍ ဒီထက်ကျယ်ပြန့်သည့် အတိုင်းအတာအထိ စီမံဆောင်ရွက်ရန် ယခုအခါ လိုလပ်လာပြီဟု ဆိုလိုခြင်းဖြစ်သည်။

စစ်တပ်သည် ယခုအခါ ယိမ်းယိုင်လာနေသော ၎င်းတို့အခြေအနေကို ထေမိလို ထေမိငြား ယခင်ကထက် ပို၍ပင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလာနေပြီဖြစ်သည်။ ၎င်းတို့လက်အောက်ခံ တပ်သားများကိုလည်း လူဟူ၍ပင် မဆက်ဆံနိုင်တော့ဘဲ “ကျွန်သာသာ” ဆက်ဆံနေပြီး  ၎င်းတို့ ရှုံးနိမ့်နေပြီ ဆိုသည်ကို ဖုံးဖိထားနိုင်ရန် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ထားခဲ့သည်။ ထွက်ပြေးရန် ကြိုးပမ်းသူများအား မိလာကလည်း နှိပ်စက်ညှဉ်းပန်းသည်က အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ကွပ်မျက်ပစ်သည်အထိ ရက်ရက်စက်စက် တုံ့ပြန်ခဲ့ကြပြန်သည်။

ပြည်သူများဘက် အလင်းဝင်လာသော စစ်ကောင်စီတပ်သား အသီးသီးက တပ်တွင်းတွင် စိတ်ဓာတ်များ ပြိုလဲ ကျဆင်းလာနေပြီး ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်ကုန်ပြီ ဖြစ်၍ ရွာသားများအသွင်ယူကာ အနီးအနား ရွာများတွင် ရိက္ခာ ထွက်၍ ဝယ်ယူနေကြရသည်ဟု ပြောလာကြသည်။ ဤသည်ကို ကြည့်မည်ဆိုက တော်လှန်ရေးတပ်ဖွဲ့များသည် နယ်မြေများ အသာစီးရလာနေသည်သာမက စစ်ကောင်စီအား အကာအကွယ်ပေးနေသော တပ်များအတွင်း စည်းလုံးမှုကိုပါ ဖြိုခွဲနိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

စစ်တပ်အတွင်း တခါမျှ မကြုံခဲ့ဘူးသည့် လက်နက်ချသူများ၊ ထွက်ပြေးသူများ များသည်ထက် များလာနေပြီဖြစ်၍ အတင်းအကျပ် စစ်သားစုဆောင်းရန် ကြံစည်လာကြသည်။ သို့သော်လည်း ယင်းသည် ၎င်းတို့အတွက် အကျိုးယုတ်ဖို့သာ ရှိလာနေသည်။ တော်လှန်ရေးအင်အားစုများ အတွက် လူသစ်စုဆောင်းပေးလိုက်သလို ဖြစ်လာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာ ကာလအတွင်း စစ်စခန်းပေါင်း ၃၀၀ ကျော်၊ မြို့အမြောက်အမြားနှင့် ထိုင်း၊ အိန္ဒိယ၊ တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းများပါ လက်လွှတ်ခဲ့ရသည်ဟု The Diplomat စာစောင်တွင် Ivan U. Klyszcz နှင့် Harold Chambers တို့က သုတေသနပြု ရေးသားခဲ့ကြသည်။

ယင်းနှင့်အတူ စစ်ကောင်စီ၏ တရုတ်နှင့် ဆက်ဆံရေးသည် အဆင်ပြေ ချောမွေ့ခြင်း မရှိတော့။ အဓိကအားဖြင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်း လူလိမ်ဂိုဏ်းများ မြန်မာနိုင်ငံအတွင်း ထုနှင့်ထည်နှင့် လှုပ်ရှားလာနေခြင်းကြောင့် ဖြစ်သည်။ ယခုအခါ စစ်ကောင်စီသည် ကိုယ့်ပြဿနာနှင့်ကိုယ် အလုပ်ရှုပ်နေသော ရုရှားကိုသာ အဓိက မဟာမိတ်ကြီးအဖြစ် အတင်းဖက်တွယ် အားကိုးနေရပြီ ဖြစ်သည်။

ထိုသို့ စစ်တပ်သည် လက်ရုံးတဖက် ပြုတ်သွားချိန်တွင် စိတ်ဓာတ်ခွန်အား အမြင့်ဆုံးသို့ ရောက်လာနေသည့် တော်လှန်ရေး မဟာမိတ်များနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

“မြန်မာတို့၏ တော်လှန်ရေးသည် ကမ္ဘာပေါ်တွင် အာဏာရှင်များကို တွန်းလှန် တိုက်ခိုက်ခဲ့သမျှတွင် မကြုံဘူးသည့် အတိုင်းအတာ” နှင့် အောင်မြင်မှုများ ရခဲ့ပြီ ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု၏ အာဏာသိမ်း သုံးနှစ်မြောက် လေ့လာချက် စာတမ်းတွင် ဖော်ပြလာခဲ့သည်။

ထိုသို့ အောင်မြင်ခဲ့ရခြင်း၏ အခြေခံအကြောင်းရင်းသည် နိုင်ငံတကာမှ ထောက်ခံမှုကို မည်ကာမတ္တာမျှနှင့် အနေအထားများ မပြည့်စုံသည့် ကြားမှပင် ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးမှ ကြီးမားသော စွန့်လွှတ် အနစ်နာခံစိတ်များဖြင့် စစ်အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်သည့် အမျိုးသားရေး အုံကြွမှုကြီးတွင် ပါဝင်ခဲ့ကြသောကြောင့် ဖြစ်သည်ဟု ဆက်လက်ရေးသားထားသည်။

၁၀၂၇ စစ်ဆင်‌ရေးကြီး စတင်ခဲ့သည့် အောက်တိုဘာလမှ စ၍ စစ်ကောင်စီတပ်သား ၅,၅၀၀ ခန့် ကျဆုံးသွားပြီဖြစ်၍ ယခုအခါ ၎င်းတို့၏အင်အားသည် ၃၀,၀၀၀ ပင် မပြည့်တော့ဟု ဖော်ပြထားသည်။

CFR မှ ဆက်လက်ရေးသားရာတွင် ထိုသို့သော အခြေအနေများတွင် ဖြစ်နိုင်ခြေများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ယင်းသည် စစ်ကောင်စီမှ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် ဒေသများတွင် ယခုထက်ပို၍ အလုံးအရင်းနှင့် ထွက်ပြေးခိုလှုံလာနိုင်ခြင်း၊ တော်လှန်ရေး မဟာမိတ်တပ်များက နိုင်ငံအလယ်ပိုင်းကို ထိုးစစ်ဆင်လာနိုင်ခြင်းနှင့် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းအတွင်း အကွဲအပြဲများ ထွက်ပေါ်လာပြီး ငြိမ်းချမ်းရေးအတွက် မဖြစ်မနေ ဆွေးနွေးလာရခြင်းတို့ပင် ဖြစ်သည်ဟု ရေးသားထားသည်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013