DVB Logo
Home
မြန်မာသတင်း
ဆင်ဘို ခလရ ၁၄၁ ကို KIA နှင့် ပူးပေါင်းတပ်များ ဆက်လက်ထိုးစစ်ဆင်
DVB
·
March 21, 2024
ဆင်ဘို ခလရ ၁၄၁ ကို KIA နှင့် ပူးပေါင်းတပ်များ ဆက်လက်ထိုးစစ်ဆင်
Donate to DVB

ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေအကြား လေးနေရာထက်မနည်းမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ဆင်ဘို ခလရ ၁၄၁ ကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက သုံးကြိမ်မြောက်အဖြစ် ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာနားက နာဖော့တောင်စခန်း၊ မြို့သစ်၊ ကုန်းလော၊ ဆွမ်ပရာဘွမ်နဲ့ ဆင်ဘိုမြို့ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်ထဲ ဆင်ဘိုမြို့အနောက်ဘက်ရှိ ခလရ ၁၄၁ တပ်ရင်းကိုတော့  သုံးကြိမ်မြောက်အဖြစ် ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက “အခုလောလောဆယ် ကချင်ပြည်နယ်မှာက အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ အသေးစိတ်ကတော့ မသိဘူး။ အခု သုံးကြိမ်လို့ ပြောရမှာပေါ့။ ပြန်တိုက်တာကတော့ ၃ ရက်လောက်တော့ရှိပြီ။ သုံးကြိမ်တိုက်တာက ဒီနေ့နဲ့ဆိုရင် နောက်ဆုံးသုံးကြိမ်ကတော့ ၃ ရက်တောင်ရှိပါတယ်” လို့ ပြောပါတယ်။

ခလရ ၁၄၁ တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းထားတာ တလဝန်းကျင်အထိ ကြာမြင့်လာပြီးတဲ့နောက် မတ် ၁၉ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာလို့ ဆင်ဘိုမြို့ခံက ပြောပါတယ်။

မတ် ၁၉ ရက်နဲ့ ၂၀ နှစ်ရက်လုံးမှာ မနက် ၁၀ နာရီလောက်စလို့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားရပြီး မွန်းတည့် ၁၂ နာရီလောက်ကစလို့ စစ်တပ်က Y-12 လို လေယာဉ်တွေနဲ့ ဗုံးတွေလာကြဲချလေ့ရှိတယ်လို့ သိရပါတယ်။

ဆင်ဘိုမြို့ခံ ရပ်မိရပ်ဖတဦးက “နေ့လယ် ၁ နာရီလောက်ကစပြီး လေယာဉ်ဝဲလာတာ ၃ နာရီလောက်အထိ။ အဲမှာ ဗုံးတွေကြဲချလိုက်နဲ့ လေယာဉ်ကတော့ အမြဲတမ်းဝဲနေတာ။ အခု လေယာဉ်စဝဲလာပြီ။ အသံကြားပြီ။ ကျနော်တို့လည်း ဗုံးခိုကျင်းထဲ ပုန်းရမှာ။ အခုမနက်ပိုင်းတော့ အသံတွေတိတ်နေတယ်။ အခု လေယာဉ်ဝဲနေတာ။ လက်နက်သံတွေတော့ မကြားရသေးဘူး။ မြို့ကတော့ အဲလိုပစ်ခတ်သံကြားရင် နီးစပ်ရာ ရွာတွေ ပြေးနေလိုက်ပေါ့။ ညနေကျတော့ အသံတိတ်ရင် ပြန်ဝင်လာလိုက် ဒါပဲ။ အိမ်စောင့်သဘောမျိုးတော့ ရှိပါတယ်။ တအိမ်မှာတော့ တယောက်၊ နှစ်ယောက် အဲလိုတော့ရှိတယ်။ တချို့အိမ်တွေတော့ လုံးဝပိတ်သွားတယ်။ မြို့ကတော့ အရင်လိုတော့ မဟုတ်ဘူး။ ကြောက်လန့်ပြီး အိမ်ထဲပုန်းနေကြတာပေါ့” လို့ ပြောပါတယ်။

ခလရ ၁၄၁ တပ်ထဲမှာ ရဲတပ်သားတွေ အပါအဝင် အနည်းဆုံး တပ်အင်အား ၈၀ ဝန်းကျင်လောက် ရှိနိုင်ပြီး စစ်တပ်ဝန်းအနောက်ဘက်မှာဆိုရင် တောင်ကုန်းတွေနဲ့ တောထူတာကြောင့် ဗျူဟာကျပြီး ခုခံလို့ကောင်းတဲ့နယ်မြေဖြစ်ကြောင်း ဒေသခံက သုံးသပ်ပါတယ်။

ဆင်ဘိုမြို့ဟာ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့အကြား အလယ်ဗဟိုကျတဲ့နေရာမှာရှိလို့ ရေကြောင်းအရဆိုရင် အရေးပါတဲ့မြို့ဖြစ်ပြီး ကုန်းလမ်းကတော့ ကားသေးနဲ့ ဆိုင်ကယ်တွေသာ သွားလာလို့ရကြောင်း ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဘက်ကတော့ ၂၀၀၂ ခုနှစ်မှာ မြို့အဖြစ် သတ်မှတ်ခံရပြီး မြို့ပေါ်ရပ်ကွက်သုံးခုနဲ့ ကျေးရွာ ၁၂ ရွာက လူဦးရေ ၁၀,၀၀၀ အောက်ရှိတဲ့ ဆင်ဘိုဒေသခံတွေကို အိမ်ထဲမှာပဲနေကြဖို့၊ ဗုံးခိုကျင်းတွေ တူးထားပြီး လေယာဉ်လာရင် ပုန်းနေကြဖို့ မှာထားတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး စစ်ရှောင်ပုန်းခိုနေရတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေကတော့ ဒီတိုက်ပွဲကို အမြန်ပြီးစေချင်ပြီလို့လည်း ပြောပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013