Home
ဆောင်းပါး
ကိုယ်ဝန်ဆောင်ချိန် ချဉ်ခြင်းတပ်ခြင်းကို ဖြစ်‌စေနိုင်တဲ့ အကြောင်းရင်း ၃ ခု
DVB
·
March 21, 2024

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အခြားသူတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ချိုချဥ်နဲ့ အာလူးချောင်းကြော်ကနေ လိမ္မော်သီးနဲ့ ရေခဲမုန့်အထိ သူတို့မျှော်လင့်နေချိန်မှာ အစားအစာများစွာကို တောင့်တကြောင်း တင်ပြထားကြပါတယ်။

အစားအစာကို ချဉ်ခြင်းတပ်တယ်ဆိုတာ တိကျတဲ့ အစားအစာကို စားဖို့ ပြင်းပြတဲ့ တိုက်တွန်းမှုတခု ဖြစ်ပါတယ်။ အစာစားချင်စိတ် ပြင်းပြမှုဖြစ်တဲ့ ချဉ်ခြင်းတပ်တာဟာ ဆာလောင်မှုနဲ့ ဆက်စပ်မှုမရှိဘဲ လျစ်လျူရှုဖို့ သို့မဟုတ် တွန်းလှန်ဖို့ ခက်ခဲနိုင်ပါတယ်။

ကိုယ်ဝန်ရှိစဉ်အတွင်း လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်မိခင် ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်စဉ် အနည်းဆုံးတကြိမ် အစာစားချင်စိတ်ကို ခံစားရလေ့ ရှိပါတယ်။ အစာစားချင်စိတ်ကို ခံစားရတဲ့ အမျိုးသမီး အများစုဟာ သူတို့ရဲ့ ကိုယ်ဝန် ဒုတိယသုံးလပတ်  ၁၃ ပတ်မှ ၂၇ ပတ်ကြားမှာ ဖြစ်ပေါ်ကြပြီး အဲဒီအချိန်မှာ ချဉ်ခြင်းဟာ အပြင်းထန်ဆုံး ဖြစ်နိုင်ပါတယ်။

ချဉ်ခြင်းတပ်ခြင်းဟာ သိပ္ပံပညာနဲ့ မိခင်နဲ့ ကလေးတို့ရဲ့ ကျန်းမာရေးအတွက် ဘာကို ဆိုလိုသလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာပါ။

သာမန် ချဉ်ခြင်းတပ်တယ်ဆိုတာ ဘာလဲ။ ဘာကြောင့် ဖြစ်ရတာလဲ။

ရှေးခေတ်က ဇနီးသည်တွေရဲ့ လက်ဆင့်ကမ်း ပြောပြချက်အရ အစားအသောက် ချဉ်ခြင်းတပ်တာဟာ ကလေးရဲ့လိင်ကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ အချိုကို ချဉ်ခြင်းတပ်တာဟာ မိန်းကလေးနဲ့ ဆက်စပ်နေပြီး အရသာရှိတဲ့ အစားအစာတွေကတော့ ယောက်ျားလေးကို ညွှန်ပြတာပါ။

ဒါကို သိပ္ပံပညာက မထောက်ခံပါဘူး။ တကယ်တော့ ကိုယ်ဝန်ဆောင်စဉ် အစားအသောက် တောင့်တတာဟာ တဦးချင်း မြင့်မားပေမဲ့ သူတို့မှာ ပုံမှန်အားဖြင့် ကာဘိုဟိုက်ဒရိတ် သိပ်သည်းတဲ့ အစားအစာနဲ့ ပရိုတင်း သိပ်သည်းတဲ့ အစားအစာတွေ ပါဝင်ပါတယ်။ အစီရင်ခံစာတွေအရ အများအားဖြင့်တော့ ဘီစကွတ်များ၊ ငှက်ပျောသီး၊ အခွံမာသီးများ၊ ချိုချဉ်၊ ရေခဲမုန့်နဲ့ အာလူးကြော်တွေ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အစာစားချင်စိတ်ကို ဘာကြောင့်ခံစားရတာကို အတိအကျ မသိရသေးပေမဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်း အနည်းငယ်ရှိပါတယ်။

၁။ အာဟာရလိုအပ်ချက် ပြောင်းလဲမှု

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ကလေး ကြီးထွားလာခြင်းဟာ အလုပ်များစွာလုပ်ရသလို  သံဓာတ်၊ ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်တို့လို စွမ်းအင်နဲ့ အာဟာရဓာတ်‌  လိုအပ်ချက်ကို အံ့သြစရာကောင်းလောက်အောင် တိုးလာစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း အမျိုးသမီးတဦးရဲ့ သွေးပမာဏဟာ သိသိသာသာ တိုးလာပြီး ရေနဲ့ ရေပါဝင်တဲ့ပျော်ရည် (အထူးသဖြင့် ဆိုဒီယမ်နဲ့ ပိုတက်စီယမ်) လိုအပ်မှု ပိုများလာပါတယ်။

လေ့လာမှုအချို့အရ အာဟာရချို့တဲ့တဲ့ အမျိုးသမီးတွေဟာ အစာစားချင်စိတ် ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့လိုအပ်ချက်အပေါ် အခြေခံပြီး စွမ်းအင်နဲ့ သီးခြားအာဟာရဓာတ် မြင့်မားတဲ့ အစားအစာတွေကို တောင့်တကြတယ်လို့ ဆိုလိုပါတယ်။

ဒါပေမဲ့ ဒီပုံစံဟာ တသမတ်တည်း မတွေ့ရသေးဘဲ အမျိုးသမီး အများစုဟာ အာဟာရချို့တဲ့မှု မရှိဘဲ ချဉ်ခြင်းတပ်တာကို ခံစားကြရပါတယ်။

၂။ ဆာလောင်မှုနဲ့ အရသာပြောင်းလဲမှုများ

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပေါ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေဟာ ဗိုက်ဆာ‌နေတဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို ပြောင်းလဲစေနိုင်ပါတယ်။ Neuropeptide Y လို့ခေါ်တဲ့ ဟော်မုန်းတခုဟာ ကိုယ်ဝန်ဆောင်စဉ်မှာ တိုးလာပြီး ဆာလောင်မှုတိုးလာခြင်းနဲ့ ဆက်စပ်နေတဲ့ ဟော်မုန်းတခု ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီး အများအပြားဟာ ကိုယ်ဝန်ဆောင်စဉ် အစားအသောက်နဲ့ အဖျော်ယမကာ အရသာ ကွဲပြားကြောင်း တင်ပြကြပါတယ်။ အများအားဖြင့် အမျိုးသမီးတွေဟာ အသီးအရွက် သို့မဟုတ် ကော်ဖီလို ခါးတဲ့အရသာများ တိုးလာပြီး သစ်သီးများမှ ချိုမြိန်မှုကိုလည်း ခံစားရလေ့ရှိပါတယ်။

ပိုမို‌ကောင်းမွန်လာတဲ့ အစားအစာတွေရဲ့ အရသာဟာ ဆာလောင်မှု ခံစားချက် တိုးလာခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့ အပြောင်းအလဲတွေကြောင့် အထူးသဖြင့် သစ်သီးတွေလို ချိုတဲ့ အစားအစာတွေအတွက် အစာစားချင်စိတ်ကို ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း လေ့လာမှုတွေအရ သွေးထဲက ဟော်မုန်းအဆင့်တွေနဲ့ အရသာပြောင်းလဲမှုတွေကို ဆက်တိုက် ချိတ်ဆက်နိုင်မှု မရှိခဲ့ဘဲ ဟော်မုန်းတွေဟာ ချဉ်ခြင်းတပ်ခြင်းအတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိပါဘူး။

၃။ လူမှုရေးနှင့် ယဉ်ကျေးမှု လွှမ်းမိုးမှုများ

ကမ္ဘာ့နေရာ အသီးသီးရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ မတူညီတဲ့ အစာစားချင်စိတ်ကို တင်ပြကြပါတယ်။ ဥပမာအားဖြင့်၊ နိုင်ဂျီးရီးယားက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကြားမှာ အများဆုံး အစီရင်ခံ တင်ပြထားတဲ့ ချဉ်ခြင်းတပ်မှုဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ ထမင်းကတော့ ဂျပန်နိုင်ငံက အမျိုးသမီးတိုင်းမှာ အဖြစ်များဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ အမျိုးသမီးတွေဟာ ချောကလက်ကို အလွန်တောင့်တကြပါတယ်။ ဒီကွာခြားချက်တွေဟာ ရရှိနိုင်တဲ့ အစားအစာနဲ့ ရင်းနှီးတဲ့ အစားအစာပုံစံကြောင့် ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်များ အစာစားချင်စိတ်နဲ့ ပတ်သက်တဲ့ ရေပန်းစားတဲ့   “နှစ်ယောက်အတွက်စားခြင်း” ဆိုတဲ့ မှတ်ချက်စကားနဲ့ အယူအဆဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အစာစားချင်စိတ်ကို ပြေပျောက်စေဖို့ ဇီဝဗေဒဆိုင်ရာ လိုအပ်ချက်ကို ရည်ညွှန်း‌ေနတာ ဖြစ်ပါတယ်။ ဒီခံစားချက်တွေဟာ ကွဲပြားခြားနားတဲ့ ထူးဆန်း သို့မဟုတ် များပြားတဲ့ အစားအစာများကို လူမှုရေးအရ လက်ခံနိုင်စေပါတယ်။

ဒါ့အပြင် အစာစားချင်စိတ်ဟာ ချောကလက် သို့မဟုတ် ကိတ်မုန့်လို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးနိုင်ပါတယ်။ အချို့သော အမျိုးသမီးတွေက ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း သိပေမဲ့ ခံနိုင်ရည်မရှိတဲ့ ချဉ်ခြင်းတပ်တာကြောင့် ရုန်းကန်ရနိုင်ပါတယ်။ ဒါတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် အစားအသောက်ဟာ  အရှက်ရခြင်းနဲ့ အပျက်သဘောဆောင်တဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ချဉ်ခြင်းတပ်ခြင်းဟာ စိုးရိမ်စရာ ကြီးကြီးမားမား အကြောင်းရင်း မဟုတ်ပါဘူး။

အစာစားချင်စိတ်ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ပိုတက်စေတယ်လို့ လူတွေက ထင်ကောင်းထင်နိုင်ပြီး မိခင်တွေအတွက် ကျန်းမာရေး ညံ့ဖျင်းတဲ့ ရလဒ်တွေနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ အစာစားချင်စိတ်ကို ခံစားရတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူတွေထက် စွမ်းအင်စားသုံးမှု အနည်းငယ်ပိုများပေမဲ့ အစာစားချင်စိတ်နဲ့ အစားအသောက် အရည်အသွေး၊ ခန္ဓာကိုယ် အလေးချိန် အပြောင်းအလဲ ဒါမှမဟုတ် ကိုယ်ဝန်ဆီးချိုရောဂါလို နောက်ဆက်တွဲ ပြဿနာတွေနဲ့ ကိုယ်ဝန်ဆောင်ချိန် ဖွံ့ဖြိုးမှုကြားမှာ တသမတ်တည်း ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အစာစားချင်စိတ်က ကြီးထွားလာချိန်မှာ ကလေးအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ အချို့သူတွေက သံသယရှိကြပါတယ်။ ဒါပေမဲ့လည်း လေ့လာမှုတွေက ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်ရဲ့ အစာစားချင်စိတ်၊ မွေးစကလေးအရွယ်၊ ကလေးရဲ့ အရသာနှစ်သက်မှု၊ သို့မဟုတ် ဖွံ့ဖြိုးဆဲကလေးများရဲ့ အပြုအမူများအကြား ဆက်စပ်မှုကို မတွေ့ရှိခဲ့ပါဘူး။

ယေဘုယျအားဖြင့် ချဉ်ခြင်းတပ်ခြင်းဟာ မိခင်များ သို့မဟုတ် သူတို့ရဲ့ ကလေးငယ်များရဲ့ ကျန်းမာရေးအပေါ် အနည်းငယ်မျှသာ သက်ရောက်မှုရှိပုံရပါတယ်။

ဘယ်အချိန်မှာ အကူအညီတောင်းရမလဲ။

အမျိုးသမီးများအားလုံး မိမိတို့နှစ်သက်တဲ့ အစားအစာများကို စားသုံးဖို့ သက်တောင့်သက်သာ ရှိသင့်‌ပေမဲ့ မျှတဖို့ကတော့ အဓိကကျဆဲ ဖြစ်ပါတယ်။ သစ်သီးများ၊ နို့ထွက်ပစ္စည်းနဲ့ အစေ့အဆန်လို အာဟာရရှိတဲ့ ရွေးချယ်မှုတွေနဲ့ ချိုမြိန်တဲ့ အစာစားချင်စိတ်ကို ဖြေရှင်းခြင်းဟာ အကျိုးပြုနိုင်တဲ့အပြင် ချောကလက်၊ ချိုချဉ်နဲ့ အာလူးကြော်လို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လိုချင်တပ်မက်မှုတွေကိုလည်း လျော့နည်းစေပါတယ်။

အထူးသဖြင့် မြေဆီလွှာ သို့မဟုတ် ရေခဲများ တောင့်တခြင်းဟာ ကုသမှုကို လိုအပ်နေတယ်ဆိုတဲ့ နောက်ခံကျန်းမာရေးအခြေအနေများကို ညွှန်ပြနိုင်ပါတယ်။

သင် သို့မဟုတ် ချစ်ခင်ရသူတဦးဟာ ကိုယ်ဝန်ဆောင်စဉ် အစာစားချင်စိတ် သို့မဟုတ် အစားအသောက် စားသုံးမှုနဲ့ ပတ်သက်ပြီး စိတ်ပူပါက အသိအမှတ်ပြုထားတဲ့ အစားအသောက်ပညာရှင်နဲ့ ရက်ချိန်းယူပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘာသာပြန်-လီလီ

( The conversation ဝက်ဆိုက်မှာ ကွင်းစ်လန်းတက္ကသိုလ်ပါမောက္ခ  Lauren Ball နဲ့ ပါရဂူဘွဲ့ သုတေသီ Katelyn Barnes တို့ရေးသားထားတဲ့ “Pickle, anyone? 3 possible reasons women get cravings during pregnancy” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024