DVB Logo
Home
Lead Story
အာဖဂန်ကလေးငယ်များအတွက် မိုင်းအန္တရာယ် 
DVB
·
June 10, 2024
အာဖဂန်ကလေးငယ်များအတွက် မိုင်းအန္တရာယ် 
Donate to DVB

မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေဟာ အာဖဂန်နစ္စတန် ကလေးတွေအတွက် နေ့စဉ် ခြိမ်းခြောက်မှုတခု ဖြစ်နေပါတယ်။

တာလီဘန်အာဏာပိုင်တွေဟာ သူတို့ရဲ့ သောင်းကျန်းမှုကို အဆုံးသတ်ကာ အနောက် ကျောထောက်နောက်ခံပြု အစိုးရကို ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချပြီးနောက် အာဖဂန်လူမျိုးတွေဟာ လယ်ကွင်း၊ စာသင်ကျောင်းတွေနဲ့ လမ်းတွေဆီကို ပြန်လည်ရောက်ရှိနိုင်ခဲ့ပါပြီ။

ဒါပေမဲ့ နှစ် ၄၀ ဆက်တိုက် ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေရဲ့ အန္တရာယ်ဟာလည်း လွတ်လပ်စွာ လှုပ်ရှားလာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ခဲယမ်းမီးကျောက်တွေကြောင့် သေဆုံးသူ  ဒါမှမဟုတ် ဒဏ်ရာရသူ ၉၀၀ နီးပါး ရှိခဲ့ပြီး အများစုမှာ ကလေးငယ်‌တွေဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

တင့်ကားဖျက်မိုင်းတွေဟာ ဆိုဗီယက်ကျူးကျော်မှု ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ပြည်နယ်မြို့တော် ဂါဇနီတောင်ဘက်ရှိ ကွက်ရှ်ကွာလာရွာမှ မီတာ ၁၀၀ အကွာမှာ ရှိနေခဲ့ပါတယ်။

ဗြိတိန်အဖွဲ့အစည်း Halo Trust က မိုင်းရှာဖွေသူတွေဟာ သတိကြီးကြီးနဲ့ တူးဖော်တွေ့ရှိပြီးနောက် အဲဒီမိုင်းကို ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုဟာ ၃ ကီလိုမီတာ (၂ မိုင်နီးပါး) ဝန်းကျင်အထိ ပဲ့တင်ထပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့မထွက်ခွာခင်မှာ တာလီဘန်အဖွဲ့ဝင်တဦးက သူ့ရဲ့မော်တော်ဆိုင်ကယ်ပေါ်ကနေ မိုင်းတူးဖော်တဲ့သူတွေကို “ငါ့ကို အဲဒီမိုင်းပေး။ အိမ်မှာ လုံခြုံအောင်ထားလိုက်မယ်။ အာဖဂန်နစ္စတန်ကို ထပ်ပြီးသိမ်းပိုက်တဲ့အခါ ငါတို့ ထပ်သုံးလို့ရတယ်” လို့ အော်ပြောခဲ့ပါသေးတယ်။

မိုင်းရှာဖွေသူတွေ တွန်းမထုတ်ခင်အထိ မိုင်းတွင်းဟာ ဒီနှစ်တွေ တလျှောက်လုံးမှာ မပေါက်ကွဲသေးတာကြောင့် အန္တရာယ်မဖြစ်နိုင်ဘူးလို့ သူက အခိုင်အမာကို‌ ‌ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်က ကုလသမဂ္ဂမစ်ရှင် UNAMA) ရဲ့ မိုင်းလှုပ်ရှားမှုအပိုင်း အကြီးအကဲ နစ်ပွန်းက “တာလီဘန်အစိုးရဟာ ဒီနိုင်ငံမှာ မိုင်းရှာဖွေတာကို အလွန်ထောက်ခံပြီး တတ်နိုင်သမျှ ရှင်းလင်းရေးကို လုပ်ဆောင်လိုပါတယ်” လို့ပြောပါတယ်။

၁၉၈၈ ခုနှစ် အစောပိုင်းမှာ အာဖဂန်နစ္စတန်မှာ မိုင်းရှာ‌ဖွေတူးဖော်ခြင်းတွေ စတင်ခဲ့‌ပေမဲ့လည်း ဆယ်စုနှစ်များစွာကြာ စစ်ပွဲများအတွင်း နိုင်ငံအတွင်း မိုင်းနဲ့ အမြောက်တွေ ပြန်လည် ကျရောက်ခဲ့ပါတယ်။

“လက်ရှိ ညစ်ညမ်းမှုပမာဏကို ခန့်မှန်းဖို့ လောလောဆယ် မဖြစ်နိုင်သလောက်ပါပဲ” လို့ ပွန်းက AFP သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက လက်ကျန်လက်နက်တွေကြောင့် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရသူတွေရဲ့ ၈၂ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်ပြီး ထက်ဝက်ကတော့ ကလေးတွေ ကစားမိတာ ဖြစ်ပါတယ်။

ဘူကိုလစ်ချိုင့်ဝှမ်းမှာ တည်ရှိတဲ့ နိုကော်ဒတ်ခ်ရွာမှာ ဧပြီလနှောင်းပိုင်းက ကလေးနှစ်ဦး ဆုံးရှုံးခဲ့ပါတယ်။

ကလေးငယ်တွေ ပတ်ချာလည်ဝိုင်းနေတဲ့ ရှာဝိုးဆိုတဲ့ အမျိုးသမီးဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကြောင့် သူ့ရဲ့ ၁၄ နှစ်သားလေး ဂျာဗစ် ဘယ်လိုသေသွားခဲ့တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။

“သူက ကျောက်ခဲနဲ့ ပစ်တယ်။ ပထမ တကြိမ်၊ ဒုတိယ အကြိမ်၊ တတိယအကြိမ်မှာ စက်ပစ္စည်း ပေါက်ကွဲသွားတယ်။”

ကောင်လေးက ချက်ချင်းနီးပါး သေဆုံးသွားတယ်။ အလားတူ ပေါက်ကွဲမှုကြောင့် ဂျာဗစ်ရဲ့ သူငယ်ချင်း ၁၄ နှစ်အရွယ် ဆတ်ခ်ဟီဒက် ဟာလည်း သေဆုံးခဲ့ပါတယ်။

ဆတ်ခ်ဟီဒက်ရဲ့ အစ်ကို အသက် ၁၈ နှစ်သား မိုဟာမက်ဇာကီရာက “ပတ်ဝန်းကျင်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိတယ်လို့ လူတွေက ပြောကြပေမဲ့ အရင်က ရွာမှာ ဒီလိုမျိုး တခါမှ မဖြစ်ဖူးဘူး” လို့ ပြောပါတယ်။

ကလေးတွေကို အန္တရာယ်အကြောင်း သတိပေးဖို့ ရွာကို ဘယ်သူမှ မရောက်ဖူးပါဘူး။

ရန်ပုံငွေမရှိခြင်း

ပတ်တာနာရီရွာမှာ ၁၃ နှစ်အရွယ် ဆာယက်ဒ်ဟာ ၂၀၂၄ ခုနှစ် ဧပြီလနှောင်းပိုင်းမှာ သိုးထိန်းကျောင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိနေတဲ့ လက်နဲ့ ခြေထောက်က  ပတ်တီးတွေကို ပြသခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ညီဖြစ်သူ တာဟာကတော့ ပေါက်ကွဲမှုမှာ သေဆုံးသွားခဲ့ပါတယ်။

ဆာယက်ဒ်က “သူ့လက်ထဲကနေ အဲဒီပစ္စည်းကို သုံး လေးခါလောက် ဆွဲလုလိုက်တယ်။ သူ့ကို အော်ပြောနေပေမဲ့ သူက ကျနော့်ကို ကန်ကျောက်ပြီး ကျောက်တုံးပေါ်မှာ အဲဒီပစ္စည်းကို ထုရိုက်ခဲ့တယ်” လို့ AFP ကိုပြောပါတယ်။

ဒီလို မတော်တဆမှုမျိုးတွေဟာ အဖြစ်များလွန်းတယ်လို့ သူတို့ရဲ့ဖခင် ဆီရာ့ဂျ်အာမက်က ပြောပါတယ်။

ဒီမိုင်းတွေက မနက်ဖြန်တွေမှာ တခြားသူရဲ့သားကို သတ်ပစ်နိုင်တယ်၊ ဒါမှမဟုတ် တသက်လုံး မသန်မစွမ်း ဖြစ်သွား‌စေနိုင်တယ်လို့ သူက ဆိုပါတယ်။

Halo ရဲ့ ဖောက်ခွဲရေးလက်နက် ဖျက်သိမ်းရေးအရာရှိ ဇာဘတ်တိုမာယာက “ရန်ပုံငွေမရှိခြင်း” ဟာ  သူတို့ရဲ့လုပ်ငန်းအတွက် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မိုင်းရှာဖွေရေးသမားတွေဟာ အလှူငွေပေါ်  မူတည်ပြီး ဝီရိယနဲ့ ကြံစည်ကြပါတယ်။

မိုင်းတွင်းလှုပ်ရှားမှု လုပ်သားအင်အားဟာ ၂၀၁၁ ခုနှစ်ဝန်းကျင်မှာ တကြိမ်ကို လူ ၁၅,၅၀၀ ရှိတယ်။ လောလောဆယ် ၃,၀၀၀ ရှိတယ်” လို့  ပွန်းက ဆိုပါတယ်။

တခြားသော ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေဟာ ရန်ပုံငွေတွေကို ဆုတ်ယုတ်စေခဲ့ပြီး အာဖဂန်နစ္စတန်ဟာ တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် သူတို့ရဲ့ အစိုးရဟာ တခြားနိုင်ငံက အသိအမှတ်မပြုတဲ့အစိုးရ ဖြစ်တာကြောင့် အလှူရှင်တွေ ပြန်လည်ဆုတ်ခွာသွားတာကို မြင်တွေ့ခဲ့ကြရပါတယ်။

ရွှေအတွက် အမှားတွေ

ဒါပေမဲ့ ဒဟ်ကွာဇီရွာငယ်ရှိ ကျောင်းငယ်တခုရဲ့ ကျောင်းအုပ်ကြီး မိုဟာမက်ဟတ်ဆန်ဟာ မိုင်းတွင်းသမား‌တွေကို မှီခိုနေရဆဲ ဖြစ်ပါတယ်။

“မိုင်းတွေ မရှင်းလင်းသေးတဲ့အတွက် ကျောင်းဝင်းက ကလေးတွေအတွက် အန္တရာယ်ရှိတယ်” လို့ သူကဆိုပါတယ်။

“ဒီမှာ သစ်ပင်တွေတောင် စိုက်လို့မရဘူး။ တူးရင် ထွန်စက် ဒါမှမဟုတ် စက်တွေ ဒီမှာ လာအလုပ်လုပ်ရင် တကယ့်ကို အန္တရာယ်များတယ်” လို့ ကျောင်းအုပ်ကြီးက ဆက်ပြောပါတယ်။

စာသင်ခန်းအတွင်းက ကလေးတွေဟာ မတော်တဆမှုတွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ သင်ခန်းစာကို နားထောင်ကြပြီး နံရံတွေမှာ မိုင်း‌တွေရဲ့ အချက်အလက် ဇယား‌တွေ သို့မဟုတ် အရောင်အသွေးမျိုးစုံရှိတဲ့ လက်နက်တွေရဲ့ ပုံစံတွေကို ချိတ်ဆွဲထားပြီး ကာထားပါတယ်။

အသက် ၁၂ နှစ်အရွယ်ဂျမေးလ်ဟာဆန်က  “လွန်ခဲ့တဲ့ ခြောက်လလောက်က ကျနော့်သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ရင်း ဒုံးကျည်တခု တွေ့ခဲ့ရပြီး ရွာလူကြီးတွေကို ချက်ချင်းပြောပြပြီး မိုင်းတူးဖော်သူတွေကို အကြောင်းကြားခဲ့ပါတယ်” လို့ ဆိုပါတယ်။

“မိုင်းတွေနဲ့ လက်နက်ခဲယမ်းတွေဟာ ကလေးတွေအတွက် ကစားစရာတွေနဲ့ တူတယ်” လို့ ပွန်း က ဆိုပါတယ်။

ဥပမာ ဆိုဗီယက်ခေတ် လိပ်ပြာမိုင်း (PFM-1) ဟာ သူ့ရဲ့ တောင်ပံပုံသဏ္ဌာန်ကြောင့် “ကောက်ဖို့ အလွန်ဆွဲဆောင်မှုရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ခဲယမ်းတွေမှာ အသုံးပြုတဲ့ “လှပပြီး ခေတ်မီတဲ့ အရောင်”တွေဟာ ကလေးတွေကို မျက်စိကျစေတယ်လို့ Halo တပ်ဖွဲ့မှူး  ဆာယဒ်ဟတ်ဆန်မာယာက ပြောကြားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေမှာ ရောင်းချဖို့ အသည်းအသန် ရှာဖွေကြတဲ့ အဖိုးတန်သတ္တုလို ထင်ရတဲ့ ရွှေရောင်ထိပ်ဖူးနဲ့ ခဲယမ်းတွကလည်း လှည့်ဖြားနေပါတယ်။

“ကလေးတွေက ရွှေလို့ထင်ကြပြီး အပေါ်ပိုင်းကိုယူဖို့ ကျောက်တုံး ဒါမှမဟုတ် တူနဲ့ ရိုက်ကြတယ်” လို့ ပွန်းက  ပြောပါတယ်။

စစ်ပွဲရဲ့ အကြွင်းအကျန်တွေက အန္တရာယ်ဟာ မိုင်းတွင်းလုပ်သားတွေအတွက်လည်း အလုံးစုံရှိနေပါတယ်။ Halo ဟာ မေလအစောပိုင်းမှာ သူတို့ရဲ့ လုပ်သားနှစ်ယောက်ကို ဆုံးရှုံးခဲ့ပါတယ်။

“တခါတရံမှာ မိုင်းတွေကို သွားပြီး ရှင်းလင်းချေမှုန်းတဲ့အခါ မိသားစုကို ဖုန်းခေါ်ပြီး သူတို့ကို ချစ်ကြောင်း ပြောပြပါတယ်။ ဒီကိစ္စမှာ အချိန်မရွေး တခုခုဖြစ်တတ်ပါတယ်” လို့ Zabto Mayar ဇာဘတ်တိုမာယာက ဆိုပါတယ်။

လီလီ

Ref:RFI / Photo-HALO

(RFI (Radio France Internationale) ဝက်ဆိုက်မှာရေးသားထားသည့်  AFP သတင်းအေဂျင်စီရဲ့   “Mines, unexploded ordnance a daily menace for Afghanistan's children”  သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013