DVB Logo
Home
မြန်မာသတင်း
ပင်းတယတွင် PNO နှင့် စစ်တပ်က စစ်မှုထမ်းခေါ်ယူနေသဖြင့် လူငယ်များ ထွက်ပြေး
DVB
·
March 20, 2024
ပင်းတယတွင် PNO နှင့် စစ်တပ်က စစ်မှုထမ်းခေါ်ယူနေသဖြင့် လူငယ်များ ထွက်ပြေး
Donate to DVB

ရှမ်းပြည်နယ်အရှေပိုင်း၊ ပင်းတယမြို့နယ်မှာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နဲ့ စစ်တပ်က စစ်မှုထမ်းဖို့ အပြိုင်အဆိုင် ခေါ်နေတဲ့အတွက် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်းတယမြို့နယ်မှာ မတ် ၁၉ ရက်က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ ကောက်ခံခဲ့တယ်လို့ ပြည်တော်သာရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ပြည်တော်သာမှာ စာရင်းကောက်တာ ၄၀ ကျော် စာရင်းကောက်တာ ၆ ယောက် မဲနှိုက်ရမယ်။ မဲပေါက်တဲ့ ၆ ယောက်က စစ်မှုထမ်းရမယ်လို့ ပြောတယ်။ အကြောင်းအမျိုးမျိုးပြပြီး လူငယ်တွေ ထွက်ပြေးကုန်ပြီ။”

ထွက်နီ၊ သစ်အယ်ပင်၊ တောင်ပေါ်ကြီး၊ ရေဖြူ၊ ကျောက်စု အစရှိတဲ့ ကျေးရွာမှာလည်း စစ်မှုထမ်းစာရင်းကို အုပ်ချုပ်ရေးအဖွဲ့က မတ် ၁၈ ရက်ကစတင်ကာ ကောက်ယူနေပြီး မိဘတွေက သားသမီးတွေကို တိမ်းရှောင်ခိုင်းထားရတယ်လို့ ပြောပါတယ်။

“စာရင်းကကောက်တယ်၊ မဲမနှိုက်ရသေးဘူး၊ စစ်တပ်ပြောသလို တရွာတယောက် တရပ်ကွက်တယောက် ခေါ်တာမဟုတ်ဘူး၊ ခြောက်ယောက် လေးယောက် ခုနှစ်ယောက်အထိ ခေါ်မှာ၊ အဲဒါကြောင့် လူငယ်တွေ ထွက်ပြေးကြတာ။”

ပင်းတယမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက မြို့အနှံ့ CCTV ကင်မရာတွေ တပ်ထားပြီး လူငယ်တွေကို ခရီးသွားလာခွင့်လည်း ပိတ်ထားတယ်လို့ မြို့ခံရပ်မိရပ်ဖတဦးက ရှင်းပြပါတယ်။

“ပင်းတယမှာက ဘာဖြစ်နေလဲဆိုတော့ ပအိုဝ်းပြည်သူ့စစ်တွေကတမျိုး၊ စစ်တပ်ကတမျိုး အပြိုင်အဆိုင် စစ်မှုထမ်းခိုင်းနေတော့ လူငယ်တွေ ဒုက္ခရောက်နေတယ်။ ခရီးတွေ ပေးမသွားဘူး။ မြို့ပေါ်မှာ CCTV တွေ တပ်ထားတယ်။”

ပင်းတယမြို့နယ်ဟာ မြို့ပေါ် ၁၂ ရပ်ကွက်နဲ့ ကျေးရွာ ၂၇ ရွာရှိပြီး လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၇၀,၀၀၀ ကျော်သာရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013