DVB Logo
Home
မြန်မာသတင်း
ရထားလမ်းမိုင်းခွဲခံရသဖြင့်  ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှု ယာယီရပ်ဆိုင်း
DVB
·
March 19, 2024
ရထားလမ်းမိုင်းခွဲခံရသဖြင့်  ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှု ယာယီရပ်ဆိုင်း
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိက္ကော်မြို့ မိုးကောင်းကျေးရွာအနီးမှာ မတ် ၁၈ ရက်က ရထားလမ်းပေါင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားတယ်လို့ မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

ကျိုက္ကော်၊ သိမ်ဆိပ်နဲ့ ဒုံဝန်းဘူတာကြား ပေါင်းကူးတံတားမှာ ကျောက်တင်ရထားမိုင်းထိပြီး  ရထားလမ်းပေ ၂၀ နဲ့ အောက်ခံဘောင်တို့ ပျက်စီးခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင်ရထား ခရီးစဉ်တွေကို  မတ် ၁၉ ရက်ကစပြီး ယာယီဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

မီးရထားဝန်ထမ်းတဦးက"မိုင်းခွဲခံရတာ ရထားလမ်းကော တံတားပါထိသွားတော့ အခုပြင် နေတုန်းပါ။ ပြင်တာ ဘယ်လောက်ကြာမလဲ‌ဆိုတာ ပြောရနည်းနည်းခက်ပါတယ်။ ပြင်ပြီးရထားသွားလို့ စိတ်ချရပြီးဆိုတာနဲ့ တင်ပေးသွားမှာပါ" လို့ ပြောပါတယ်။

ရထားမိုင်းခွဲ တိုက်ခိုက်တာဟာ အရပ်သားတွေကို ထိခိုက်ခဲ့တာကြောင့် မလုပ်သင့်ဘူးလို့ မီးရထားနဲ့အမြဲခရီးသွားနေသူတဦးက ပြောပါတယ်။

"စစ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း အများကြီးတော့မသိပါဘူး။ ဒါပေမဲ့ ကားလမ်းမှာ စစ်ဆေးရေးဂိတ်တွေနဲ့ ငွေညှစ်ဖမ်းဆီးမှုတွေ များနေတဲ့အချိန်ဖြစ်နေတော့ မီးရထား အကုန်အကျ သက်သာပြီး ကြောက်ရတာ သိပ်မရှိပါဘူး။ အဲဒီ တံတားမိုင်းဘယ်အဖွဲ့က မိုင်းခွဲလဲဆိုတာတော့ သိလည်း မပြောရဲပါဘူး" လို့ ပြောပါတယ်။

ရထားလမ်းမိုင်းခွဲခံရတာကြောင့် မတ်  ၁၉ ရက်မှာ ထွက်ခွာမယ့် ရထားခရီးစဉ်တွေေအတွက် လက်မှတ်ဝယ်ယူထားသူတွေကို လက်မှတ်‌ခငွေ ပြန်အမ်းပေးသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ခဲ့ပါတယ်။

ရထားလမ်းမိုင်းခွဲခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့အစည်း ဘာကြောင့် လုပ်ဆောင်ခဲ့သလဲဆိုတာ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်တာ မရှိ‌သေးပါဘူး။

ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကလည်း ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ မိုးကောင်းတံတား မိုင်းဖောက်ခွဲ ခံခဲ့ရလို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားသလို ကားထောင်ချီပိတ်မိခဲ့ပြီး ကုန်စည်စီးဆင်းမှုတွေလည်း ယာယီရပ်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013