DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အုပ်ချုပ်ရေးမှူးများက ငွေပေးသူများကို စစ်မှုထမ်းစာရင်းဖျောက်ပေး
DVB
·
March 18, 2024
ဧရာဝတီတိုင်းတွင် အုပ်ချုပ်ရေးမှူးများက ငွေပေးသူများကို စစ်မှုထမ်းစာရင်းဖျောက်ပေး
Donate to DVB

ဧရာဝတီတိုင်းရှိ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့အတွက် အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ခိုင်းတာတွေ ပြုလုပ်နေပြီး နိုင်ငံခြားရောက်နေသူတွေကိုလည်း ပြန်ခေါ်ခိုင်းကာ ပိုက်ဆံပေးတဲ့သူတွေကိုတော့ စာရင်းဖျောက်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာနေထိုင်တဲ့ ဖခင်တဦးက “ပုသိမ်မှာ ကျေးရွာတွေဘက် အရင် ဖိအားပေး မဲနှိုက်တယ်ကြားတယ်။ တချို့ကလေးတွေ နိုင်ငံခြား အလုပ်သွားလုပ်နေကြတယ်။ အဲဒါ ပြန်ခေါ်ဖို့၊ မခေါ်ပေးရင် ပုန်ကန်တာဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ခြိမ်းခြောက်တာလုပ်တယ်။ ပိုက်ဆံပေးရင် စာရင်းဖျောက်တာ လုပ်ပေးတယ်။ ပိုက်ဆံက လတိုင်းတောင်းမယ့်ပုံလေ။ အခုက ဆယ်အိမ်မှူးတောင် ကြောက်ရတဲ့ခေတ် ပြန်ရောက်တာပဲ။ မတရားမှုမှန်းသိတယ်” လို့ DVB ကို ပြောပါတယ်။

“ပုသိမ်မြို့ပေါ် ရပ်ကွက်တွေမှာ စာရင်းကောက်ခံမှုလုပ်ပြီးပြီ၊ မဲနှိုက်တာတွေ မလုပ်သေးဘူး၊ ပိုက်ဆံတောင်းဖို့လည်း လုပ်နေတယ်။ ကျေးရွာတွေမှာ စာရင်းကောက်တာတွေ၊ မဲနှိုက်တာတွေ လုပ်နေတယ်။ ပြည်သူ့စစ်ကော၊ စစ်မှုထမ်းကော နှစ်မျိုးလုပ်နေတယ်” လို့ ပုသိမ်မြို့နေထိုင်သူတဦးကလည်း ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာတွေမှာ မဲနှိုက်တာမျိုးမလုပ်ဘဲ တိုက်ရိုက် ခေါ်ယူတာမျိုး ပြုလုပ်ပြီး ဆေးစစ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက မော်လမြိုင်ကျွန်းမြို့နယ်ရှိ စစ်တပ်ကို ခေါ်ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံခြားမှာ အလုပ်သွားလုပ်နေသူတဦးက “အိမ်ကို အကြောင်းကြားစာရောက်လာတယ်။ အိမ်မှာ ကျနော်မရှိတော့ ပြန်ခေါ်ခိုင်းနေတယ်။ မလာရင် ဖမ်းဆီးမယ်ဆို ခြိမ်းခြောက်တာမျိုး လုပ်နေတယ်။ အခုအချိန်က သူတို့ လူထုကို ခြိမ်းခြောက်တာမျိုး လုပ်နေတယ်။ ကျနော် ပြန်လာဖို့ဆိုတာ ရင်းနှီးထားတဲ့ ပိုက်ဆံတောင် မကျေသေးတာလေ” လို့ DVB ကို ပြောပါတယ်။

မြို့နယ်အများစုက မလေး၊ စင်ကာပူ၊ ထိုင်းနဲ့ တခြားနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေသူတွေကို စစ်မှုထမ်းဖို့ အစည်းအဝေးဖိတ်စာတွေ အိမ်တွေကို ပေးပို့နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း မအူပင်၊ ဖျာပုံ၊ ပန်းတနော်၊ မြောင်းမြ၊ ကျောင်းကုန်း၊ ဟင်္သာတ၊ အင်္ဂပူ၊ သာပေါင်း၊ ကန်ကြီး‌ေထာင့်နဲ့ ပုသိမ်မြို့တွေမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေကို မတ် ၁၄ ရက်လောက်က စတင်ခေါ်ယူနေကြောင်း သိရပါတယ်။

မြောင်းမြမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဌာနတခုကို ဝန်ထမ်းနှစ်ယောက်စီ စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက်ဆိုပြီး မတ်လ ဒုတိယအပတ်က စတင်ကာ ဌာနတခုကို ဝန်ထမ်းနှစ်ဦးနှုန်းနဲ့ စာရင်းယူနေတာဖြစ်ပြီး ပညာရေးဝန်ထမ်းတွေ အဓိကထား စာရင်းကောက်နေတာ တွေ့ရတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။

ဝန်ထမ်းတဦးက “ဝန်ထမ်းနှစ်ယောက်စီ စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်နေတာ။ ပညာရေးဝန်ထမ်းတွေ အဓိက စာရင်းကောက်ယူနေတာ။ ထွေအုပ်ဘက်ဝန်ထမ်းတွေကို စာရင်းကောက်လား မေးကြည့်တော့ ဒီနေ့အထိ စာရင်းမကောက်သေးဘူးတဲ့။ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေကို အငြိုးထားတယ်လေ။ NLD ပါတီဘက်ကို ပါတယ်လို့ စွပ်စွဲထားတာ” လို့ ပြောပါတယ်။ 

စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ခေါ်ယူနေတဲ့အပြင် ဒေသခံ လူငယ်တွေကို အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လူငယ်တွေကိုပါ စတင် စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြောင်းမြမြို့ခံတဦးက “စစ်ကောင်စီက တပ်ပျက်ပြီး အရပ်သား လူငယ်တွေကို ဓားစာခံအဖြစ် စစ်ထဲခေါ်ထည့်နေတာ။ အရှုံးကြီး ရှုံးနေပြီလေ။ ဒါကြောင့် ဒီလိုလုပ်နေတာ။ အခုလည်း လူငယ်တွေကို သီးသန့်စာရင်းလိုက်ကောက်နေပါတယ်။ ဘယ်လိုစနစ်နဲ့ စစ်မှုထမ်းခိုင်းမလဲတော့ မသိဘူး။ အခု ယောက်ျားလေးတွေ သီးသန့်စာရင်းယူနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ဒုတိယအပတ်ကလည်း မြောင်းမြမြို့နယ်က စစ်ပြန်တွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်ပြေးတွေကို ရာထူးလစာတွေပေးပြီး ပြန်လည် စစ်မှုထမ်းဖို့ ခေါ်ယူခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013