DVB Logo
Home
မြန်မာသတင်း
ဗန်းမော်က စစ်ရှောင်စခန်းများတွင် စစ်တပ် မိသားစုများ လာရောက်ရောနှောနေထိုင်
DVB
·
March 17, 2024
ဗန်းမော်က စစ်ရှောင်စခန်းများတွင် စစ်တပ် မိသားစုများ လာရောက်ရောနှောနေထိုင်
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီမိသားစုတွေဟာ ဗန်းမော်မြို့က စစ်ရှောင်စခန်းတွေနဲ့ ရွာတွေမှာ စစ်ရှောင်တွေနဲ့ ရောနှောပုန်းခိုနေကြပြီး စစ်တပ်နဲ့ ဌာနဆိုင်ရာအရာရှိတွေရဲ့ မိသားစုတွေကတော့ နေပြည်တော်ကို လေယာဉ်နဲ့ ရှောင်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါ့ဆိုင်းကျေးရွာက ခလရ ၂၃၇ ဗျူဟာကုန်းကို သိမ်းပိုက် ခံရပြီးနောက်မှာ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်တို့က ခမရ ၃၁၉၊ ခလရ ၆၀၁၊ ခလရ ၄၃၇ စတဲ့ စစ်တပ်တွေက တပ်မိသားစုတွေဟာ ဗန်းမော်က စစ်ရှောင်စခန်းတချို့နဲ့ ကျေးရွာတွေမှာ စစ်ဘေးရှောင်တွေနဲ့ ရောနှောတိမ်းရှောင်လာကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အရာရှိတွေ၊ ဌာနဆိုင်ရာအရာရှိတွေရဲ့ မိသားစုတွေကတော့ နေပြည်တော်ကိုလေယာဉ်နဲ့ တိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အဲဒါ ဟုတ်တယ်။ လေယာဉ်လက်မှတ်ဆိုရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကနေပိုမှ အပြင်လူက လိုက်ခွင့်ရှိသလို ဖြစ်နေတယ်။ ဗန်းမော်ကနေ မန္တလေးကိုသွားဖို့ ကြိုတင်ရက်ဘိုကင် တင်ထားတာတောင် မသေချာဘူး။ လက်မှတ်ဈေးကလည်း တသမတ်တည်း မရှိနေဘူး။ နေပြည်တော်ကို စစ်တပ်အရာရှိမိသားစုဝင်တွေ၊ ဌာနဆိုင်ရာမိသားစုဝင်တွေ ရှောင်နေကြတာတော့ သေချာတယ်။ မြို့ထဲကပိုက်ဆံရှိကြသူတွေကတော့ အစောင့်လူယုံတွေထားပြီး မြို့ကြီးတွေဘက်ကို ငွေပုံသုံးပြီးရှောင်နေကြတယ်” လို့ ပြောပါတယ်။

ဗန်းမော်ကို ဒီရက်ပိုင်းအတွင်း ကေအိုင်အေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်သိမ်းတော့မယ်လို့ သတင်းထွက်နေကြောင်းလည်း ဒေသခံတယောက်က ပြောပါတယ်။

ဒေသခံတယောက်က “လက်နက်ကြီးသံတွေ၊ သေနတ်သံတွေတော့ ဆက်တိုက်ကြားနေရတယ်။ စစ်ရှောင်စခန်းတချို့မှာလည်း စစ်တပ်က မိသားစုဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေက စစ်ရှောင်အမည်ခံပြီး မြို့ခံတွေလှူတဲ့ပစ္စည်းတွေကို ပြည်သူတွေအယောင်ဆောင်ပြီး အရံသင့် စားသောက်နေထိုင်နေကြတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့က စစ်ရှောင်စခန်းအသီးသီးမှာ လက်ရှိ စစ်ရှောင်အရေအတွက် ၃၀၀၀ နဲ့ ၅၀၀၀ ကြားရှိနေပြီး ပိုက်ဆံတတ်နိုင်သူတွေကတော့ အိမ်တွေငှားပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။

မတတ်နိုင်သူအများစုကတော့ ဗန်းမော်မြို့က သုခဝတီကျောင်း၊ ၃ မိုင် ရွှေပြည်သာ ရှမ်းရိုးရာဝင်း၊ သိမ်မဟာကျောင်းတိုက်နဲ့ ကျောင်းတိုက်အသီးသီးမှာ စစ်ဘေးရှောင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013