DVB Logo
Home
မြန်မာသတင်း
ဘော်စတွန်မြို့ရုပ်ရှင်ပြပွဲက တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၃ သောင်းခန့်ရ
DVB
·
March 17, 2024
ဘော်စတွန်မြို့ရုပ်ရှင်ပြပွဲက တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၃ သောင်းခန့်ရ
1 / 5
Donate to DVB

ဘော်စတွန်မြို့မှာပြုလုပ်ခဲ့တဲ့ သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲကနေ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ အနုပညာလှုပ်ရှားမှုရဲ့ နောက်ထပ်အစီအစဉ်အဖြစ် တော်လှန် အနုပညာရှင်၊ အတတ်ပညာရှင်တွေဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတွေကို ဒေသစံတော်ချိန် မတ် ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ ပထမဆုံး "World Premiere Show" အဖြစ် ပြသခဲ့တာပါ။

ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင် မတင်တင်ညိုက “စစ်ကောင်စီရဲ့ အာဏာကိုဖီဆန်ပြီးတော့ သတ္တိရှိရှိနဲ့ ထွက်လာတဲ့ အနုပညာရှင်တွေပေါ့။ အဲဒီ အနုပညာရှင်တွေစုစည်းပြီးတော့ ရုပ်ရှင်ကားဖြစ်တဲ့အတွက် ကျမ တော်လှန်ရေးအတွက်လည်း ရန်ပုံငွေရအောင် အနုပညာရှင်တွေကိုလည်း ထောက်ပံ့ရာ ရအောင်လို့ဆိုပြီးတော့ ဒီရုပ်ရှင်ပြပွဲကို လက်ခံလိုက်တာပေါ့နော်။ ကျမတို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ အနေနဲ့” လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲမှာ Together၊ ငါတို့မှာ ငါတို့ပဲရှိတယ်၊ The Unknown Infinity၊ Guilt စတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၄ ခုကိုပြသခဲ့ပြီး ပြည်သူတွေက တော်လှန်ရေးအတွက်လှူဒါန်းထားတဲ့ လက်ဝတ်ရတနာတချို့ကိုလည်း လေလံတင်ရောင်းချခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲ ပရိသတ်တယောက်က “ရင်ထဲမှာလည်း အရမ်းစိတ်မကောင်းဘူး။ ကိုယ်က US မှာ ရောက်ပေမယ့်လည်း ဟိုမှာ သူများတွေခံစားနေရတာ ကိုယ်ကလည်း နေ့တိုင်းလို ကြားနေရတဲ့ အခါကျတော့ ဒီလိုပွဲတွေလုပ်တယ်ဆိုရင် လာဖြစ်တယ်။ နောက်ပြီးတော့ အားလုံးကိုလည်း သူငယ်ချင်းတွေ မိသားစုတွေကိုလည်း လုပ်ဖို့တိုက်တွန်းတယ်။ အကုန်လုံး ဝိုင်းဝန်းပြီးတော့ ကူရမယ်ပေါ့နော်။ ကိုယ်က ဒီကိုရောက်နေပေမယ့်လည်း ကိုယ့်နိုင်ငံပါပဲ” လို့ ပြောပါတယ်။

ဘော်စတွန်မြို့ရုပ်ရှင်ပြပွဲလက်မှတ်၊ အမှတ်တရပစ္စည်း၊ ရိုးရာအစားအသောက်နဲ့ လက်ဝတ်ရတနာ လေလံရောင်းချရာကနေ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇,၀၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ Acoustic Music Concert ကို အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပြီး နောက်မှာ တော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိရေးအတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေကို နိုင်ငံတကာမှာ ပြသပြီး ရန်ပုံငွေရရှိဖို့ ပြည်ပရောက်အနုပညာရှင်တွေစုစည်းထားတဲ့ Artists' Shelter က ကြိုးစားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013