DVB Logo
Home
မြန်မာသတင်း
ကနီတွင် လူ ၅၀ ကျော်ကို စစ်တပ် ဖမ်းဆီး၊ ပဒါန်းမြို့က ချင်းရွာများတွင် စစ်မှုထမ်းရန် စာရင်းကောက်
DVB
·
March 17, 2024
ကနီတွင် လူ ၅၀ ကျော်ကို စစ်တပ် ဖမ်းဆီး၊ ပဒါန်းမြို့က ချင်းရွာများတွင် စစ်မှုထမ်းရန် စာရင်းကောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထူးကျေးရွာက ပြည်သူ အယောက် ၅၀ ကျော်ကို မတ် ၁၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့က ချင်းကျေးရွာတွေမှာလည်း စစ်မှုထမ်းဖို့ လူဦးရေစာရင်းတွေ စစ်ကောင်စီတပ်က ကောက်ယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ထူးကျေးရွာက အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၅၀ ကျော်ကို မတ် ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒေသခံတယောက်က “သူတို့(စစ်ကောင်စီ)က ညောင်ပင်ဝန်း၊ တဇယ်ချောင်ရွာတွေကို မီးရှို့ပြီး ထူးရွာဘက်ကို ဝင်လာတာဗျ။ ကိုယ်တွေက ‌ညောင်ပင်ဝန်း၊ တဇယ်ချောင်ရွာကို မီးရှို့ပြီး ကနီမြို့ထဲကို ပြန်ဝင်သွားလိမ့်မယ်လို့ ထင်ထားတာ။ အခုလို မထင်မှတ်ဘဲဝင်လာတော့ ရွာသားတွေ  ထွက်ပြေး လွတ်လာသူတွေလည်း ရှိတယ်။ ဖမ်းမိတဲ့သူတွေလည်း ရှိတယ်။ အယောက်အရေအတွက်ကတော့ အနည်းဆုံး ၅၀ အထက်မှာပဲ ရှိမယ်ဗျ။ အခု ညပိုင်းထိ ရွာကတော့ ရွာထဲကနေ မထွက်သေးဘူး။‌ ဖမ်းထားတဲ့ ပြည်သူတွေကိုလည်း တဦးမှ လွှတ်မပေးသေးဘူး။ ဘာပြောချင်လဲဆိုတော့ ရွာသားတွေမသတ်ဖြတ်ပါနဲ့။ ရွာကိုလည်း မီးမရှို့ပါနဲ့လို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ထူးရွာကို စစ်ကောင်စီ စစ်ကြောင်း ရောက်ရှိနေတာကြောင့် ထူးရွာနားမှာရှိတဲ့ ညောင်းသူများ၊ တောင်ပေါက်၊ သရက်တော၊ ကင်းစမ်း၊ ခိုတွင်း၊ ကင်းတောင် စတဲ့ကျေးရွာတွေက ပြည်သူတွေလည်း တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့၊ တောင်ပေါ် ၁၀ အုပ်စု ချင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ လူဦးရေစာရင်းတွေ လိုက်လံကောက်ယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၅ ရက်နေ့မှာ ပဒါန်းမြို့ပေါ်က စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်က ချင်းကျေးရွာတွေကို တရွာဝင်တရွာထွက်ပြီး အသက် ၁၈ နှစ်နဲ့ ၃၈ နှစ်အကြား အမျိုးသားစာရင်းကို ကောက်ယူသွားပြီး ၁ ရွာ လူ ၁၀ ယောက်စီ ပေးရမယ်လို့ ပြောဆိုသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

လူစာရင်းကောက်ယူတဲ့အချိန် ကျေးရွာအတွင်းက အမျိုးသားတွေကို အိမ်အပြင်ထွက် ဒူးထောက်ပြီး လက်မြှောက်ခိုင်းထားတယ်လို့ရွာခံတွေက ပြောပါတယ်။

ပဒါန်းမြို့ခံတယောက်က “မနေ့က ပဒါန်းမြို့က တပ်ရင်းတွေ ကပစတွေကနေမှ အမ်းရိုးမနဲ့ ငဖဲရိုးမအကြားက တောင်ပေါ်ချင်းရွာတွေကို လူစာရင်းကောက်တယ်။ လူစာရင်း ကောက်တဲ့ အချိန်လည်း ရွာသားတွေကို အိမ်ပြင်ကနေထွက်ပြီးမှ ရွာကွင်းပြင်မှာ ဒူးထောက်ခိုင်းတယ်။ ရွာသား တယောက်က တန်းစီတဲ့အချိန် ခေါင်းမော့ကြည့်လို့တဲ့ သူ့ကိုဝိုင်းပြီး ကန်ကျောက်သွားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာက အမျိုးသား ၁၀ ယောက်ကို စစ်မှုထမ်းခိုင်းဖို့ ပဒါန်းမြို့ပေါ်ခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013