DVB Logo
Home
မြန်မာသတင်း
နှစ်လခွဲခန့်အတွင်း စစ်အုပ်စုက ၆၅ ဦးကို ထောင်ဒဏ်ချမှတ်၊ သေဒဏ်ချခံရသူ ၉ ဦး ပါဝင်
DVB
·
March 12, 2024
နှစ်လခွဲခန့်အတွင်း စစ်အုပ်စုက ၆၅ ဦးကို ထောင်ဒဏ်ချမှတ်၊ သေဒဏ်ချခံရသူ ၉ ဦး ပါဝင်
Donate to DVB

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီကနေ့ မတ် ၁၂ ရက်အထိ နှစ်လခွဲနီးပါးအတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၆၅ ဦး ရှိခဲ့ပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံရသူ ၉ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၃၇ ဦးနဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး အများစုက ရာဇသတ်ကြီး ဥပဒေပုဒ်မနဲ့ အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပဒေတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရကာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၁၈ ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ကလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ မဆုရည်လင်း (ခ) ဆုသီရိ (ခ) လင်းလင်းကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှာ ပါဝင်ပြီး NUG အစိုးရကို ထောက်ခံအားပေးတယ်လို့ စွပ်စွဲကာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၄,၆၇၇ ဦးထိ ရှိလာခဲ့ပြီလို့ အေအေပီပီက ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၀၈ ဦး လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၂၉ ဦးကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ဦး ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၁၂၆ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013