DVB Logo
Home
နိုင်ငံတကာ
ဥရောပ၌ အပူလှိုင်းကျရောက်၊ ပြင်သစ်တွင် အပူချိန်မြင့်တက်ပြီး လူ ၁၈ ဦးထက်မနည်း သေဆုံး
DVB
·
June 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဥရောပတဝန်း အပူလှိုင်း ရိုက်ခတ်နေလို့ မြို့အတော်များများမှာ အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီး ပူပြင်းတဲ့ကားထဲမှာ ကျန်ခဲ့တဲ့ ကလေး ၂ ယောက် အပါအဝင် ပြင်သစ်မှာ လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျောင်းတွေပိတ်ထားတာ ဒါမှမဟုတ် အချိန်ဇယားတွေ ပြောင်းတာတွေ လုပ်ခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးဒေသမှာ အပူချိန်က ဇွန် ၂၂ ရက်မှာ ၄၂ ဒီဂရီစင်တီဂရိတ် ကျော်မယ်လို့ ခန့်မှန်းထားပြီး ရာသီဥတုအေဂျင်စီ Meteo France က ဒေသဆိုင်ရာ အုပ်ချုပ်ရေးဒေသ ၄၉ ခုမှာ အနီရောင် အပူလှိုင်းသတိပေးချက်အောက်မှာ ရှိနေမယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ အခုနှစ်ရဲ့ ဒုတိယမြောက် အပူလှိုင်းကို ရင်ဆိုင်နေရတာဖြစ်ပြီး တချို့ဒေသတွေမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်နိုင်လို့ ဌာန ၆၁ ခုမှာ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

အစိုးရက အပူဒဏ်ကြာရှည်တာနဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံရဲ့ နေရာအများစုမှာ လွန်ကဲအပူဒဏ်ကို ခံစားနေရလို့ အများပြည်သူတွေ သတိထားဖို့ တိုက်တွန်းထားပါတယ်။

ဗဟိုဘဏ်အကြီးအကဲက ဘေးအန္တရာယ်တွေ ပိုကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နေလို့ အပူဒဏ်ကြာရှည်တာက အမျိုးသားစီးပွားရေး တိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံတဝန်းက ပြည်သူတွေအစိုးရတာဝန်ရှိသူတွေကတော့ တတ်နိုင်သမျှ အေးအောင် လုပ်ဆောင်နေကြပါတယ်။ 

ပါရီမြို့တော် စိန့်မာတင်တူးမြောင်း အနီးတဝိုက်က နေရာတွေမှာ အာဏာပိုင်တွေက ရေကူးဖို့ ရေလမ်းကြောင်း  အစိတ်အပိုင်း တချို့ကို ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတွေ အပူဒဏ်ကနေ လွတ်မြောက်ဖို့ ရှားရှားပါးပါး အခွင့်အရေးကို ပေးခဲ့ပါတယ်။

ရေကူးခွင့်မပြုတဲ့ ရေလမ်းကြောင်းတွေကို စောင့်ကြည့်ဖို့ ဒရုန်းတွေကို ချထားခဲ့ပြီး ရပ်ရွာ ၅၀ လောက် မှာ ရေကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အပူလှိုင်းဆိုင်ရာ အရေးပေါ် ဆက်သွယ်ရေးအတွက် hotline တခုကို စသုံးခဲ့ပြီး ကျောင်းတွေကို ပိတ်ထားခဲ့ပါတယ်။

စာမေးပွဲတွေကို ပြန်စီစဉ်ခဲ့ပြီး အဲယားကွန်းမပါတဲ့ မြေအောက်ရထားတချို့ကိုလည်း ဝန်ဆောင်မှုရပ်ဆိုင်းခဲ့ပါတယ်။

အပူချိန် ဆက်မြင့်နေလို့ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နှစ်ပတ်လည် ဂီတပွဲတော်ဖြစ်တဲ့ Fete de la Musique ကို တချို့နေရာတွေမှာ ဖျက်သိမ်းလိုက်ရပါတယ်။ 

အပူလှိုင်းရဲ့ အဆိုးရွားဆုံး အခြေအနေကို မရောက်သေးလို့ ကြိုတင်ကာကွယ်မှုကြဖို့ ပြင်သစ်အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း မိုးလေဝသ ခန့်မှန်းသူတွေက အခုအပတ် ဇွန်လအတွက် အပူချိန် စံချိန်တင် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် တောင်ပိုင်းနဲ့ အလယ်ပိုင်း၊ ဝေလနယ်တို့ရဲ့ နေရာတချို့မှာ ၄ ရက်ကြာ အပူလှိုင်း ကျရောက်နေတာပါ။

တချို့နေရာတွေမှာ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထက်ကို မြင့်တက်နိုင်ပြီး ၁၉၅၇ နဲ့ ၁၉၇၆ ခုနှစ် ဇွန်လမှာ သတ်မှတ်ထားတဲ့ ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်စံချိန်ကို အလွယ်တကူ ချိုးဖျက်နိုင်တယ်လို့ အမျိုးသား ရာသီဥတုခန့်မှန်းတဲ့ Met Office က ပြောပါတယ်။

စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်မြို့ရဲ့ မြို့တော်ခန်းမက နိုင်ငံရဲ့ နေရာအများစုကို သက်ရောက်နေတဲ့ အပူချိန် လွန်ကဲမှုကနေ သက်သာရာရဖို့ ကြိုးစားနေတဲ့ အိုးမဲ့အိမ်မဲ့တွေကို ဇွန် ၂၂ ရက်မှာ ကြိုဆိုခဲ့ပါတယ်။

မြို့တော်ရဲ့ အရေးပေါ် လူမှုရေးတုံ့ပြန်မှုဌာနက အထူးသဖြင့် လမ်းပေါ်မှာ နေထိုင်သူတွေကို ကူညီဖို့ ရာသီဥတုခိုလှုံရာ ဂေဟာကို ၃ နှစ်ဆက်တိုက် ပြန်ဖွင့်လှစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ကစပြီး မက်ဒရစ်မြို့တော်ဟာ နွေရာသီရဲ့ ပထမဆုံး အပူလှိုင်းကို ကြုံတွေ့နေရပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေတယ်လို့ စပိန်နိုင်ငံ ရာသီဥတုအေဂျင်စီ AEMET ရဲ့ အချက်အလက်တွေက ဆိုထားပါတယ်။

Omega block လို့ခေါ်တဲ့ ရာသီဥတုပုံစံက ပြင်းထန်ပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ အပူလှိုင်း ဖြစ်ရတဲ့ အကြောင်းရင်းဖြစ်ပြီး ဥရောပအာဏာပိုင်တွေက အပူလှိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဂရိအက္ခရာ အိုမီဂါပုံသဏ္ဌာန်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ Omega block ရာသီဥတုပုံစံက အတော်လေး ပုံမှန်ဖြစ်လာတဲ့ လေထုပုံစံတခုပဲလို့ Imperial College London က အစွန်းရောက် ရာသီဥတုဆိုင်ရာ သုတေသနလက်ထောက် ကလဲရာ ဘားနက်စ်က ပြောပါတယ်။

မြောက်အာဖရိက၊ ဆာဟာရဒေသက လေပူတွေကြောင့် အလွန်ပြင်းထန်တဲ့ အပူရှိန် ရှိနေတာလို့ သူကပြောပါတယ်။

အပူလှိုင်းက နှေးနှေးကွေးကွေး ရွေ့လျားနေပြီး လေပြေလေညင်းမရှိဘဲ ရပ်တန့်နေတယ်လို့လည်း ဆိုပါတယ်။

ဥရောပဟာ ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ၁၉၆၁ ကနေ ၁၉၉၀ ခုနှစ်အတွင်း ပုံမှန်အပူချိန်ထက် ၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ် ပိုများလာတယ်လို့ ရာသီဥတုစောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။

နှိုင်းယှဉ်ကြည့်ရင် အာရှနဲ့ မြောက်အမေရိကတို့ဟာ သမိုင်းဝင်စံနှုန်းထက် ၂ ဒီဂရီစင်တီဂရိတ်နဲ့ ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ် အသီးသီး ပိုများလာနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013