DVB Logo
Home
မြန်မာသတင်း
ဘုတလင်၊ ဇီးတောရွာကို စစ်တပ် မီးရှို့၊ ဟားခါးတွင် အရပ်သား ၁ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
March 9, 2024
ဘုတလင်၊ ဇီးတောရွာကို စစ်တပ် မီးရှို့၊ ဟားခါးတွင် အရပ်သား ၁ ဦးကို စစ်တပ်က ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ခြမ်းက ဇီးတောအနောက်ရွာကို  စစ်ကောင်စီတပ်က ဒီနေ့ မတ် ၉ ရက်နေ့  မနက်ပိုင်းမှာ ၄ ကြိမ်မြောက် ဝင်ရောက်မီးရှို့ ပစ်ခတ်ခဲ့ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့မှာတော့ အရပ်သား ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့နယ် နမခ(အနောက် မြောက်တိုင်းစစ်ဌာနချုပ်)ကနေ မတ် ၈ ရက်နေ့ ညနေမှာ ထွက်လာတဲ့ စစ်ကြောင်းဟာ ဒီမနက် ၆ နာရီလောက်မှာ ဘုတလင်မြို့နယ်၊ ဇီးတောအနောက်ရွာကို ဝင်ရောက် မီးရှို့ခဲ့တာပါ။

ဒေသခံတယောက်က “ရွာထဲကို မနက်ခင်း ၆ နာရီ စဝင်လာတာဗျ။ ဝင်လာလာချင်း ၄၀ မမနဲ့ ပစ်တယ်ဗျ။ အဲလို ပစ်ခတ်လို့ ရွာက အသက် ၃၅ နှစ်အရွယ် မလင်းဇာနည်ဇော် ခြေထောက် ကျည်စထိမှန်တယ်။ အခုတော့ ဒဏ်ရာဆေးထည့်ထားတယ်။ ရွာကို ဘာလို့မီးရှို့တာလဲဆိုတော့ တိုက်ပွဲလည်းမဖြစ်ဘူး။ သူတို့ ရွာကိုမီးရှို့တာက သူတို့နမခစခန်းကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်လို့ မီးရှို့တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၃၀ ၀နီးပါရှိတဲ့ ဇီးတောရွာဟာ ဒါနဲ့ဆို မီးရှို့ခံရတာ ၄ ကြိမ်ရှိပြီဖြစ်ပြီး ဒီနေ့မှာ အိမ်ခြေ ၂၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဇီးတော ကျေးရွာဟာ ဘုတလင်-မုံရွာသွားကားလလမ်းဘေး ကပ်လျက်မှာရှိတဲ့ ရွာတရွာဖြစ်ပြီး  နမခစစ်တပ်စခန်းတွေနဲ့ အနီးဆုံးရွာတရွာလည်း ဖြစ်ပါတယ်။

စစ်ကြောင်းကတော့ မုံရွာမြို့နယ်၊ ဖန်းခါးကျင်းရွာဘက်ကို ထွက်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဇီးတောရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ် ၁၂ ရက်နေ့က ပထမအကြိမ် မီးရှို့ခဲ့လို့ လူနေအိမ် ၅၅ လုံး၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရှို့တာမှာ ၂ လုံး၊ တတိယအကြိမ်ရှို့တာမှာ အိမ်ခြေ ၆၀ လောက် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့က ရုန်းတောင် စစ်ဆေးရေးဂိတ်အနီး ဓာတ်ဆီဆိုင်မှာ မတ် ၇ ရက် ည ၇ နာရီလောက်က အရပ်သား ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ထန်တလန်မြို့နယ်၊ မှောင်တလန်ရွာသား အသက် ၅၅ နှစ်အရွယ် ဦးလွာန်မှူန်းဖြစ်ပြီး ဟားခါးမြို့၊ မြေစာရင်းဦးစီးဌာနမှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “သူက အရက်နည်းနည်းပါးပါးသောက်တယ်လေ။ ရုန်းတောင်ဘက် စကစ စခန်းက ည ၆ နာရီဆို သွားခွင့်မပေးဘူး။ သူက အရက်နည်းနည်းသောက်ပြီး ဆိုင်ကယ်နဲ့သွားတော့ ရုန်းတောင်ဂိတ်နားက ဆီဆိုင်နားမှာ ပစ်သတ်ခံလိုက်ရတာ” လို့ ပြောပါတယ်။

ဦးလွာန်မှူန်းဟာ ဟားခါးမြို့ ရှူခင်းသာအောက်ဘက်နားမှာ သူ့ရဲ့ အကိုဖြစ်သူနဲ့ အတူ နေထိုင်နေတာလို့ သိရပါတယ်။

သူ့အလောင်းကို စစ်ကောင်စီတပ်က ဟားခါးပြည်သူ့ဆေးရုံကြီးမှာထားပြီး မတ် ၈ ရက်နေ့ ညနေပိုင်းအထိ ပြန်မထုတ်သေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013