DVB Logo
Home
မြန်မာသတင်း
လိုင်ဇာမြို့တွင် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
March 7, 2024
လိုင်ဇာမြို့တွင် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၂ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ မတ်လ ၇ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားအမျိုးသမီးနှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ခံအမျိုးသမီးတဦးက “လက်နက်ကြီးကျလို့ ဝေကြိုင် ရပ်ကွက် ၂ က သားအမိနှစ်ယောက် ထိသွားတယ်။ ခေါင်းတောင် မရှိတော့ဘူး။ နောက်တယောက်က မုန်လိုင်ခက်ကုန်းနား သွားနေတဲ့ အမျိုးသားတယောက် ထိတယ်” လို့ ပြောပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားတယောက်ကလည်း‌ “အရပ်သားအများအပြား ထိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက် လိုင်ဇာဌာနချုပ် အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်နေချိန် ပါဂျောင်ဒေသဘက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကနေ လက်နက်ကြီးနဲ့ လူနေရပ်ကွက်တွေထဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ လူနေအိမ်နဲ့ လမ်းပေါ်မှာ ကျရောက်ပေါက်ကွဲတာဖြစ်ပြီး သားအမိနှစ်ယောက် အသက်ဆုံးရှုံးရတယ်လို့ ဒေသခံက ပြောပါတယ်။

“လက်နက်ကြီးတွေ ကျလာကတည်းက ဗုံးခိုကျင်းထဲ ပြေးဝင်နေတာ။ အခုက နည်းနည်း ပြန်ငြိမ်လာလို့ ထွက်ကြည့်တာ၊ သေဆုံးတဲ့သူတွေရှိတယ်ဆိုပြီး ပြောနေတာ။ အခုသိရတာက နေအိမ်မှာကျပြီး သားအမိနှစ်ယောက်ကော သေသွားတယ်။ ပြီးတော့ လမ်းမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့သူ တယောက်လည်း သေတယ်လို့ သိရတယ်။”

လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ အမျိုးသားတယောက်လည်း ကျည်ထိမှန်သေဆုံးတယ်လို့ တချို့ကပြောပေမဲ့ ဒေသခံတချို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေမှာ ထိခိုက်ဒဏ်ရာရထားတဲ့ နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူ အရေအတွက် စာရင်း အတိအကျ မသိရပေမဲ့ လတ်တလော ဆေးရုံမှာ သွေးလိုအပ်နေတဲ့ လူနာတွေ အများအပြားလည်း ရှိနေကာ  ဝန်ထမ်းတွေ အလုပ်ရှုပ်နေကြပါတယ်။

လိုင်ဇာမြို့အနီးက တပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေတယ်လို့  သိရပါတယ်။

လိုင်ဇာဌာနချုပ်အနီးက စစ်ကောင်စီ တပ်စခန်းတွေနဲ့ မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ဒီမနက်အစောပိုင်းမှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်းလိုလို စတင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

မိုးမောက်မြို့နယ်က အထိုင်တပ်ရင်း ၄ ခုနဲ့ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း တိုက်ခိုက်နေဆဲဖြစ်တယ်လို့ မိုးမောက်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“မိုးမောက် နွမ်လမ် ၄၃၈ ကတော့ မနေ့ညကနေ နှစ်ဖက် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကြားနေရပြီ။ ဒါဆိုင်က ခလရ ၂၃၇ လည်း ဒီနေ့မနက် ၇ နာရီလောက်ကနေ ဝင်နေကြပြီလို့ ကြားတယ်။ လက်နက်ကြီးသံတွေကော ဆူညံနေတာပဲ၊ အဲဘက်တောက်လျှောက်ပေါ့၊ မြို့သစ်၊ နွမ်လန်၊ ဒေါ့ဖုန်းယန်အထိ ဖြစ်နေတယ်။”

မိုးမောက်မြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒါဆိုင်၊ မြို့သစ်၊ ကုန်းလော၊ ဒေါ့ဖုန်းယန် ပတ်ဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ် မလိကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာ ပတ်ဝန်းကျင်တွေမှာ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဝိုင်းမော်-ရွှေညောင်ပင် လမ်းပေါ်က အင်လုန်ခတံတားမှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ အင်လုန်ခတံတားကိုလည်း စစ်ကောင်စီလေတပ်က နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ အောင်မြေ ၁ မှ ဒေသခံက ပြောပါတယ်။

ကေအိုင်အို ထိန်းချုပ်ရာဒေသဖြစ်တဲ့ လိုင်စင်ကိုလည်း လေကြောင်းတိုက်ခိုက်နေတယ်လို့ လိုင်ဇာဒေသခံတွေထံကနေ သိရပါတယ်။

မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ကေအိုင်အေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ မြေပြင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ ပြောပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့မနက် ၄ နာရီ လောက်ကစပြီး လိုင်ဇာအနီးနားက စစ်ကောင်စီ စခန်းငယ်တွေ၊ လိုင်ဇာနဲ့ ထိစပ်နေတဲ့ ဗန်းမော်-မြစ်ကြီးနား လမ်းတကြော အပါအဝင် ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီစခန်းငယ်တွေ ၁၂ ခုထက်မနည်းကို ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013