DVB Logo
Home
မြန်မာသတင်း
ကောလင်းနှင့် ကနီတို့တွင် လေကြောင်းတိုက်ခိုက်၊ ခရီးသွား ၁၅,၀၀၀ ကျော် ပိတ်မိနေ
DVB
·
March 4, 2024
ကောလင်းနှင့် ကနီတို့တွင် လေကြောင်းတိုက်ခိုက်၊ ခရီးသွား ၁၅,၀၀၀ ကျော် ပိတ်မိနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ခံသာရွာနဲ့ ကနီမြို့ကို စစ်ကောင်စီတပ်က မတ်လ ၃ ရက်မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကောလင်းမြို့နယ်၊ ခံသာရွာကို မတ်လ ၃ ရက် နေ့ခင်း ၁၂ နာရီ ၁၀ မိနစ်က ပစ်ခတ်ခဲ့လို့ လူနေအိမ်နဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းဒေသခံ ရွာသားတဦးက “ပစ်တာက နှစ်ကြိမ် ပစ်သွားတယ်။ ရွာက အထက စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်။ အထိအခိုက်ကတော့ ရဲဘော်နှစ်ဦး ထိခိုက်ခဲ့တယ်။ ကျောက်တန်းဘက်ကနေ မြေပြင် စကစ စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်က အရပ်သားတွေ ကနဦး ကယ်ထုတ်နိုင်ခဲ့လို့ အထိအခိုက်‌တော့ မရှိခဲ့ဘူး။ မြေပြင်စစ်ကြောင်းကလည်း ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း၊ ကောလင်းမြို့နယ် ပကဖအဖွဲ့၊ မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်တို့ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျောက်တန်းရွာအနီးမှာ ဖေဖော်ဝါရီ ၂၃ ရက်က တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ခရီးသွားကား ၁,၅၀၀ နဲ့ ပြည်သူ ၁၁,၀၀၀ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကောလင်းမြို့ပေါ်က ပြည်သူ ၁၇,၆၀၀ ဟာလည်း ဒီနေ့အထိ နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအရှိန် မြင့်တက်နေတဲ့ နေရာကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က Mi 35 လေယာဉ်နဲ့ လေးကြိမ်အထိ ပစ်ခတ်သွားတယ်လို့ ကနီမြို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ ကလေးမြို့ကနေ လာရောက်ပစ်ခတ်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြို့ရဲ့တောင်ဘက်က ရေဝါချောင်းဘက်တွေနဲ့ ကနီမြို့အစပ် ပတ်ပတ်လည်ကို ပစ်ခတ်သွားတာဖြစ်ပြီး  အသေအပျောက် အထိအခိုက်ကတော့ ဘာမှမသိရသေးဘူးလို့ ကနီ ဒေသခံတဦးက ပြောပါတယ်။

ကနီမြို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ၂ ရက်တာ ထိတွေ့တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရပါတယ်။

ကောလင်းမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကားလမ်းတွေပိတ်ထားရပြီး ခရီးသွား ၁၅,၀၀၀ လောက် လမ်းမှာပိတ်မိနေတယ်လို့ ကောလင်းနယ်ခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၂၃ ရက်ကတည်းက ကားလမ်းတွေ ပိတ်ထားရပြီး ရွှေဘို-မြစ်ကြီးနားလမ်းမှာ ကားလမ်းတွေ ပိတ်မိနေတာ ဖြစ်ပါတယ်။

ကောလင်းမြို့ရဲ့အရှေ့ဘက် ၁၂ မိုင်အကွာမှာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်က ကျောက်တန်းရွာမှာ ကားတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

ကားအစီးရေ ၁၅၀ နဲ့ ခရီးသွားပြည်သူ ၁၅,၀၀၀ ကျော် ပါဝင်ပြီး ခရီးသည်တင်ကား၊ အိမ်စီးကား၊ ကုန်တင်ကားတွေပါ ရပ်နားထားရတယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေရဲ့ စားရေးသောက်ရေးကို ကောလင်းမြို့နယ် လူသားစာနာဌာနနဲ့ အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

Kawlin Revolution KR တာဝန်ခံက “အခုနဲ့ဆို ၁၀ ရက်ကျော်လာပြီ။ ကောလင်းတဝိုက် ကျောက်တန်းလမ်းဆုံမှာ ပိတ်မိနေတာပါဗျ။ ခရီးသည်ကား များတယ်ဗျ။ ကုန်ကားလည်း ပါတယ်၊ အိမ်စီးကား အသေးလေးတွေလည်း ပါတယ်။ အဓိကကတော့ ခရီးသည်ကား များတာပါဗျ” လို့ ပြောပါတယ်။

ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကောလင်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သား အင်အား ၈၀၀ ကျော်ပါ စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ကို ပြန်လည်ထိန်းချုပ်ထားပြီး အနီးအနားဝန်းကျင်တွေကို စစ်ကြောင်းထိုး မီးရှို့နေပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို မတ်လ ၃ ရက်ကစတင်ပြီး ဒေသခံတွေရော ခရီးသွားတွေပါ အသုံးမပြုကြဖို့ CDF-Civic Defense Militia - CDM-Siyin အဖွဲ့က သတိပေးထားပါတယ်။

အဆိုပါလမ်းမကြီးဘေးမှာ တရားမဝင်‌ နေထိုင်တဲ့သူတွေ အနေနဲ့လည်း မနေထိုင်ကြဖို့နဲ့ လုံခြုံရေးအခြေအနေအရ စစ်ရေးအရှိန်‌ကြောင့် ခေတ္တပိတ်ပင်ထားတာလို့ CDF-CDM-Siyin က ဆိုပါတယ်။

CDF-CDM-SIYIN အဖွဲ့ရဲ့တာဝန်ခံက “တရားမဝင် နေထိုင်တဲ့သူ ဆိုတာက အာဏာသိမ်းပြီး‌ နောက်ပိုင်း အဲဒီလမ်း‌ပေါ်မှာ တဲထိုးပြီး‌ နေတဲ့သူတွေကို ဆိုလိုတာပါ။ သူတို့အတွက်လည်း အန္တရာယ်ရှိလို့ မနေကြဖို့‌ ပြောတာပါ။ ခိုင်ကမ်းက‌ ဒေသခံတွေက ရှောင်ခိုင်းပြီးပါပြီ။ စစ်ရေးအခြေအနေအရ လမ်းပိတ်တာဖြစ်လို့ လမ်းဖွင့်တဲ့အခါ ပြန်လည်အသိပေးသွားပါ့မယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ခိုင်ကမ်းမြို့၊ ရဲစခန်းနဲ့ ကလေးတက္ကသိုလ်က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

သိုင်းငင်းစစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ ရက်က ချင်းဒေသ ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကျဆုံးကာ ချင်းကာကွယ်ရေးတပ်ဘက်က ၈ ယောက် ကျဆုံးခဲ့ပါတယ်။

ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးဟာ ချင်းပြည်နယ်ရဲ့ ကုန်စည်ဆက်သွယ်‌ရေးနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့လမ်းမကြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013