DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီမပါသည့် မြန်မာ့အရေးဆွေးနွေးပွဲ သံတမန်နည်းအရ အသာစီးရခဲ့ခြင်းဖြစ်ဟု တော်လှန်ရေးအင်အားစုများပြော
DVB
·
March 3, 2024
စစ်ကောင်စီမပါသည့် မြန်မာ့အရေးဆွေးနွေးပွဲ သံတမန်နည်းအရ အသာစီးရခဲ့ခြင်းဖြစ်ဟု တော်လှန်ရေးအင်အားစုများပြော
Donate to DVB

ထိုင်းနိုင်ငံ လွှတ်တော်မှာကျင်းပတဲ့ ပထမဆုံး မြန်မာ့အရေးဆွေးနွေးပွဲဟာ စစ်ကောင်စီ မပါဝင်ဆွေးနွေးနိုင်ခဲ့တာဟာ တော်လှန်ရေးအင်အားစုတွေအတွက် သံတမန်ရေးအရ အသားစီးရတဲ့အခြေအနေ ဖြစ်စေခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 

အိန်ဂျလာ (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ -NUCC) က "ဒီပွဲကတော့ ပထမဆုံးခြေလှမ်းဖြစ်မယ်ပေါ့နော်။ ဒီထက်တော့အများကြီးတော့မမျှော်လင့်ဘူး။ ကြီးမားတဲ့ ရလဒ်ရမယ်လို့ အထောက်အကူ ကြီးကြီးမားမားရမယ်လို့တော့လည်း မမျှော်လင့်သေးဘူးပေါ့နော်။ ဒီထက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေ ဖော်ဆိုင်နိုင်မယ်ဆိုရင်တော့ ခုနလိုမျိုး အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မယ်လို့  မြန်မာပြည်အတွက်ပေါ့နော် အထောက်အကူပြုတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတခုသွားဖို့ကိုတော့ အထောက်အကူပြုမယ်လို့တော့ မျှော်လင့်တယ်ပေါ့နော်။ ဒါပေမယ့် ဒီပွဲကတော့ ပထမဆုံးလုပ်တဲ့ပွဲဖြစ်တဲ့အတွက် အရမ်း ကောင်းမွန်တဲ့ရလဒ်တခုထွက်လာဖို့တော့ မမျှော်လင့်ပါဘူးပေါ့။"

‌ဖေဖော်ဝါရီ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ထိုင်းနိုင်ငံမှာကျင်းပတဲ့  မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်တပ်ကိုယ်စားလှယ်တချို့ အစီအစဉ်အတိုင်းမတက်ရောက်ဖြစ်ခဲ့ပါဘူး။ 

ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အများစုအနိုင်ရခဲ့တဲ့ Move Forward ပါတီက ဦးဆောင်စီစဉ်ခဲ့တာကြောင့် ထိုင်းလွှတ်တော်ထဲမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေက မူအရ အသာစီးရခဲ့တာလို့ အထွေထွေသပိတ်ကော်မတီ GSC မှ အောင်ဖုန်းမော်က ပြောပါတယ်။

"မြန်မာနိုင်ငံနဲ့ဆက်ဆံတဲ့အခါမှာ စစ်တပ်ကိုဗဟိုပြုပြီးတော့ ဆက်ဆံကြတဲ့သဘောရှိတာပေါ့။ ကျနော်တို့မြင်ထားတာ တွေးတာက အဲဒီလို စစ်တပ်ကို ဗဟိုပြုပြီးတော့ တွေးနေတဲ့ ဆက်ဆံနေတဲ့ အခြေအနေကနေပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ပြီးတော့ NUG တို့ ဘာတို့နဲ့ ဆက်ဆံဖို့ ကြိုးစားလာတာတွေ့ရတယ်ပေါ့။ အဲ့ဒီတော့ ထိုင်းကလည်းပဲ အဲ့ဒီနောက်ကို လိုက်ဖို့အတွက် ပထမဆုံးခြေလှမ်းလို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်ရေး လုံခြုံရေး ပြုပြင်ပြောင်းလဲရေး အဲ့ဒါတွေနဲ့ပတ်သက်တဲ့ ကော်မတီပေါ့။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အများကြီးကိုယ်တွေ့အမြင်ကို တင်ပြခွင့်ရတာပေါ့။ ကျနော်တို့က အစကောင်းဆိုပေမယ့် အဲ့ဒီအစကောင်းကို ဆက်လက်ပြီးတော့ သယ်သွားဖို့ လိုသေးတယ်ပေါ့။"

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြန်မာ့စစ်ရေးချိန်ခွင်လျှာဟာ သိသာတဲ့ အပြောင်းအလဲဖြစ်ခဲ့ပြီး စစ်ကောင်စီအတွက် ကြီးမားတဲ့ အဆုံးအရှုံးတွေဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ထိုင်းအစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေအတွက် မြန်မာ့အရေးမှာ ပြည်သူတွေကို ဦးစားပေးဖို့ တော်လှန်ရေးအင်အားစုတွေက ထိုင်းအစိုးရကို တွန်းအားပေးနိုင်ခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "အကြမ်းဖက်စစ်တပ်က အဲ့ဒါအတွက်ကို အင်မတန်မှ ဒေါကန်ပြီးတော့ ထိုင်းအစိုးရဆီကို လျှို့ဝှက်စာရေးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေတာပေါ့နော်။ သူတို့ ဘယ်လိုပဲ ကန့်ကွက်ကွက်ပေါ့နော်။ ဒါက ထိုင်းနိုင်ငံက လွတ်လပ်တဲ့ တိုင်းပြည်၊ သူတို့အနေနဲ့ ပါလီမန်က ကမကထပြုပြီးဆွေးနွေးတဲ့ဟာကို မြန်မာစစ်တပ်က ကန့်ကွက်တဲ့စကားကို ဆက်လက်လုပ်ကိုင်နေတာက မြန်မာစစ်တပ်အနေနဲ့လည်း အရှက်ရစေနိုင်တဲ့ ကိစ္စတခု ဖြစ်စေတယ်ဆိုတာလည်း သုံးသပ်လို့ရပါတယ်ခင်ဗျ" လို့ ပြောပါတယ်။

“မြန်မာနဲ့ မြန်မာရဲ့ ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရ သက်ရောက်မှု” ခေါင်းစဉ်နဲ့ဆွေးနွေးပွဲ မှာ ထိုင်းအစိုးရနဲ့ စစ်တပ်ကိုယ်စားလှယ်တချို့၊ ထိုင်းလွှတ်တော်ခေါင်းဆောင်တွေ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦး ကျော်မိုးထွန်း၊ ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊  မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ 

ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ နယ်စပ်ရေးရာပြဿနာတွေကို ဦးတည်ဆွေးနွေးခဲ့တာဖြစ်ပြီး စစ်ကောင်စီထက်သာလွန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက သံတမန်ရေးရာအရ အသာစီးယူနိုင်တဲ့အခြေအနေဖြစ်လာတာကို တွေ့ရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013