DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသည့် လူငယ် ၁၀၀၀၀ ကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ  ဆက်သွယ်လာ
DVB
·
February 29, 2024
စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသည့် လူငယ် ၁၀၀၀၀ ကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ  ဆက်သွယ်လာ
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် စစ်ကောင်စီ လက်အောက်မှာ စစ်မှု မထမ်းဆောင်လိုပဲ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလိုတဲ့  လူငယ် ၁၀၀၀၀ ကျော်  ဆက်သွယ်မေးမြန်းလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က  ပြောပါတယ်။

စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့  အမိန့် ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေက အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို CDM ကတ်ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ဆီကို ဆက်သွယ်လာတာလို့  အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

လာရောက်မေးမြန်းကြတဲ့သူတွေထဲမှာ လူငယ်အမျိုးသားအများဆုံးဖြစ်ပြီး လုံခြုံရေးအရ သေချာ စိစစ်ပြီးမှ သူတို့တာဝန်ထမ်းဆောင်လိုတဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီ ပြည်သူ့ရင်ခွင်အဖွဲ့က တိုက်ရိုက်ချိတ် ဆက်ပေးတာလို့  ပြည်သူ့ရင်ခွင်အဖွဲ့တာဝန်ရှိသူ ကိုလင်းထက်အောင်က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်အဖွဲ့အနေနဲ့ ဆက်သွယ်လာတဲ့သူတိုင်းကို စစ်မှုမထမ်းရအောင် ရတဲ့နည်းလမ်း အသုံးပြုဖို့နဲ့ မဖြစ်မနေ စစ်မှုထမ်းခွင့်ရရင်လည်း CDM ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ရှင်းလင်းပြောဆိုပေးနေတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲက ထွက်ချင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုပါ ပူးပေါင်းချင်တဲ့သူတွေဟာ လစဉ်လတိုင်း အနည်းဆုံး အယောက် ၃၀ အထက်မှာရှိတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ထိ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ နီပါးရှိပြီး အဲဒီအထဲမှာ တပ်မတော်သား ၄၀၀၀ ကျော်ပါဝင်ကာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ အမြင့်ဆုံး CDM ပြုလုပ်ထားတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောပါတယ်။

စစ်အင်အားလိုအပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အဲဒီလိုအပ်ချက်ကို ပြန်ဖြည့်ဆည်းဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ပြန်သွင်းပြီး နှစ်လတခါ တပ်သားသစ် ၅၀၀၀ နီးပါး စစ်သင်တန်းပေးပြီး ဖြည့်ဆည်းဖို့  ဆောင်ရွက်နေတာပါ။

အဲဒီစစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြီးနောက်ပိုင်း စစ်မှုထမ်းဆောင်လိုခြင်း မရှိတဲ့ လူငယ်တွေဟာ ရရာနည်းလမ်းနဲ့ ပြည်ပထွက် တိမ်းရှောင်နေသလို ငွေကြေးအင်အားတောင့်တင်းတဲ့ မိသားစုတွေကလည်း သူတို့တွေရဲ့သားသမီးတွေကို ပြည်ပထွက် ပညာသင်စေလွှတ်မှုတွေလည်း ပိုမိုများပြားလာပါတယ်။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013