DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင် စစ်မှုမထမ်းလိုပါက ၁ ဦးလျှင် ကျပ် ၈၅ သိန်း တောင်းယူနေ
DVB
·
December 18, 2024
မော်ကျွန်းတွင် စစ်မှုမထမ်းလိုပါက ၁ ဦးလျှင် ကျပ် ၈၅ သိန်း တောင်းယူနေ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်က စစ်မှုထမ်း တပ်သားသစ် စုဆောင်းမပေးနိုင်တဲ့ ရပ်ကျးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းတပ်သားသစ် တယောက်အတွက် အရပ်သားတွေဆီကနေ ၈၅ သိန်းအထိ တောင်းယူနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွက် စစ်မှုထမ်းတပ်သားသစ် စုဆောင်းရာမှာ သတ်မှတ်လူဦးရေ မပြည့်မီတာကြောင့် အခုလို လုပ်ဆောင်နေတာဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း အရပ်သားတွေဆီကနေ ဖိအားပေး ငွေကောက်ယူနေတယ်လို့ ဆိုပါတယ်။

ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေကတော့ အုပ်ချုပ်ရေးမှူးတွေကတဆင့် ပေးရတာ။ ၈၅ သိန်း ပေးရမယ်ဆိုပြီး လိုက်ကောက်နေတာ။ အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ပေးရတာမှ မဟုတ်တာ။ အရပ်ထဲ လှည့်ကောက်တာလေ၊ တချို့က စစ်မှုထမ်းမလိုက်ရရင် ပြီးရော ထည့်ကြတာပဲ။ ဘယ်သူကတော့ စစ်ထဲဝင်ချင်မှာလည်း၊ ရှေ့ကအပတ်စဉ်တွေမှာ လိုက်ထားရတဲ့သူတွေက နစ်နာတာပေါ့။ ပိုက်ဆံပေးရရင် ပေးကြမှာပဲလေ။ မြို့နယ်အဆင့်နဲ့ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းကို တိုးရှည်လှည့်လုပ်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်အများစုမှာ စစ်မှုထမ်းအပတ်စဉ် ၇ နဲ့ ၈ တို့ကနေ စတင်ပြီး စစ်မှုထမ်းတပ်သားသစ် သတ်မှတ်အင်အား မပြည့်မီတဲ့အထိ ဖြစ်နေပေါ်နေပြီး အပတ်စဉ် ၈ သင်တန်းကို မဖွင့်နိုင်သေးတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်းကိစ္စက ငွေနဲ့လိုက်လုပ်နေလို့ မရပါဘူး။ ခဏတော့ အဆင်ပြေရင်ပြေပါလိမ့်မယ်။ အရင်ကလည်း ခဏခဏ ပြောဖူးတယ်၊ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်း စစ်မှုထမ်းရမှာပါ။ နောက်တော့ စစ်မှုထမ်းလည်းထမ်း ငွေလည်းပေးရ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်ကလည်း ဖျာပုံဘက်မှာ ငွေလည်းပေးရ စစ်မှုထမ်းလည်း အခေါ်ခံရလို့ ပြဿနာတက်ခဲ့ပါတယ်” လို့‌ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ သစ်တိုဆိပ်၊ ဖိုးသာအေး၊ ကြက်လျာ၊ မဘေ စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာ ၂၀ ထက်မနည်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၈ အထိ စစ်မှုထမ်းတပ်သား တယောက်ကနေ ၂ ယောက်အထိသာ စုဆောင်းပေးထားပြီး အရပ်သားတွေဆီကနေ ငွေကောက်ပြီး တယောက် ၈၅ သိန်းအထိ စုဆောင်းပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီ ပေးနေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013