DVB Logo
Home
မြန်မာသတင်း
ကျိုက်ကော်-မိုးကောင်း တံတားမိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၊ ပြည်သူ ၁ ဦး ဒဏ်ရာရ
DVB
·
February 28, 2024
ကျိုက်ကော်-မိုးကောင်း တံတားမိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၊ ပြည်သူ ၁ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မြို့ မိုးကောင်းကျေးရွာအနီး ကျိုက်ကော်-မိုးကောင်းတံတားဟာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၄ နာရီလောက်က မိုင်းခွဲခံရပြီး ကျိုးကျသွားတာကြောင့် မော်တော်ယာဉ်တွေ သွားမရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်က မိုးကောင်း(ဖရဲသီးတန်းအနီး) မိုင်တိုင်အမှတ်  ၁၃၅/၇ နဲ့ ၁၃၆/၀ အကြားရှိ သံကူကွန်ကရစ်တံတား မိုင်းခွဲခံရပြီးပြိုကျပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

တံတားမိုင်းခွဲခံရမှုကြောင့် တံတားနားမှာရှိတဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့သလို အမျိုးသားတယောက် လည်ပင်းကို အစအနမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတဦးက "တံတားက မနက်အစောကြီးအခွဲခံလိုက်ရတာ။ အသံတော်တော်ကျယ်ပြီး မြေပါ တုန်တယ်။တံတားတစင်းလုံးတစစီဖြစ်သွားပြီး အခုကားတွေရာချီပိတ်မိနေပြီး။ ဘယ်အဖွဲ့လုပ်လဲ တော့ ကျနော်တို့လည်း မသိဘူး။ အမျိုးသား တဦးကတော့ ပေါက်ကွဲမှုဖြစ်တဲ့ အစအနတွေ လည်ပင်းမှန်ပြီးဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး" လို့ ပြောပါတယ်။

တခြားဒေသခံတဦးကလည်း "ရက်စက်လိုက်ကြတာဗျာ။ ကျနော်တို့ရွာမှာ ဘာအပြစ်ရှိလို့ လုပ်ရတာလဲဗျာ။ ပြောစရာ စကားတွေတောင် မရှိတော့ဘူးဗျာ။ ပြည်သူအများ နေ့စဥ် အသုံးပြုတဲ့ ပြည်သူပိုင်လမ်းပါ။ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ အခုခရီးသွားတွေ အားလုံး အခက်တွေ့ကုန်ပါပြီ”လို့   ပြောပါတယ်။

တံတားပျက်စီးသွားတာကြောင့် ကုန်တင်ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရပေမဲ့ ကားသေးတွေကတော့ ကင်မွန်းခြုံ-ကျွန်းလေးလမ်းဘက်မှ ပတ်ပြီး ဖြတ်သန်း သွားလာနေကြပါတယ်။

ဒေသခံ ရွာသားတယောက်က “ လောလောဆယ်တော့ ကားလေးတွေတော့ သွားလို့ရပါတယ်။ ရွာလမ်းဘက်မှာ ကားငယ်တွေ၊ ရွာတွင်းလမ်းက ပတ်သွားလို့ရပါတယ်။ ကားလေးတွေ ရွာပတ်လမ်းထဲ သွားလို့ရတယ်။ လမ်းတော့ ကျဉ်းတာ။၊ ကားကြီးကသွားမရဘူး”လို့ ပြောပါတယ်။

အဆိုပါ ကားလမ်းတံတားကို မိုင်းခွဲဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့က ဘာကြောင့် လုပ်ဆောင်ခဲ့သလဲဆိုတာ အတိကျမသိရသေးသလို ဘယ်အဖွဲ့စည်းကမှလည်း သတင်းမထုတ်ပြန်ထားပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းဖောက် ခွဲခံရတာကြောင့် အမျိုးသား တယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်စီးကား ၃ စီး  ပျက်စီးခဲ့ပါတယ်။

Photo-မိုးကောင်းကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013