DVB Logo
Home
မြန်မာသတင်း
ကျပ် ၂၀,၀၀၀ တန်များ ထွက်ရှိမည့်သတင်း မဟုတ်မမှန်ဟု စစ်ကောင်စီပြော
DVB
·
February 27, 2024
ကျပ် ၂၀,၀၀၀ တန်များ ထွက်ရှိမည့်သတင်း မဟုတ်မမှန်ဟု စစ်ကောင်စီပြော
Donate to DVB

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူတွေ ထွက်ရှိမယ့်သတင်း မဟုတ်မမှန်တဲ့အကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်တွေ ထွက်ရှိမယ်ဆိုတဲ့  မဟုတ်မမှန် သတင်းတု၊ သတင်းမှားတွေကြောင့် မော်တော်ကားတွေ၊ ဒေါ်လာတွေ ဝယ်ယူစုဆောင်းနေကြကြောင်း၊ မော်တော်ကားဈေးတွေ မြင့်တက်၊ ဒေါ်လာဈေးတွေ အလွန်မြင့်တက်နေကြောင်း သတင်းတွေထွက်နေလို့ ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် ဝိသမလောဘသမားတွေက ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ တရားဝင်နည်းလမ်းမှ ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ဒီပမာဏနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို ၆  လအတွင်း ကိုင်ဆောင်ခွင့်ရှိတဲ့အချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ လိုမယ်လို့ ဆိုပါတယ်။

ဥပဒေနဲ့ ကိုက်ညီမှုမရှိပဲ နိုင်ငံခြားငွေတွေ ကိုင်ဆောင်ဈေးကစားနေသူတွေကို ဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ့်အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလ သတင်းတွေသာ  ဖြစ်ပါကြောင်း ဗဟိုဘဏ်က အသိပေးကြေညာထားပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း “ ဒီအချိန်မှာ ကောလာဟလ သတင်းတွေများပြားနေတဲ့အချိန်မှာ အချိန်ကိုက် ဒါကို ငွေရေးကြေးရေးဈေးကွက် မတည်မငြိမ်ဖြစ်အောင် ဘဏ်တွေနဲ့ကိစ္စတွေ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး ထုတ်လွှင့်တာပဲဖြစ်ပါတယ်။ ဒီသတင်းသည် မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း သတင်းထုတ်ပြန်ချက်ထပ်မံ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်နိုင်ငံခြား သုံးငွေနဲ့ပတ်သက်ပြီးလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးစည်းမျဉ်းများ ရှိပြီးဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကျနော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ငွေရေး ကြေးရေး ဈေးကွက်ကစားလိုမှု ကျနော်ယခင်ပြောခဲ့သလို ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မတည်မငြိမ်ဖြစ်အောင် ကောလာဟလထုတ်လွှင့်နေမှုတွေကို သတိထားသင့်ကြောင်း အသိပေးတင်ပြလိုပါတယ်”လို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ပြောပါတယ်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ အထိမ်းအမှတ်အနေနဲ့  ရည်ရွယ်ထုတ်ပြန်ခဲ့ပြီး  အများပြည်သူတွေအနေနဲ့ ဟောင်းနွမ်းငွေစက္ကူတွေနဲ့သာ ၂၀,၀၀၀ ကျပ်တန်အသစ်တွေကို အကန့်အသတ်နဲ့ လဲလှယ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

နေပြည်တော်မှာ ဘုရားတည်ပြီးစီးမှုနဲ့ ဆင် ၁ နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ်နဲ့ ကျပ် ၂၀,၀၀၀ ငွေစက္ကူတွေကို ထုတ်ဝေမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကြေညာလိုက်ပြီးတဲ့နောက် ပြည်တွင်းမှာ ဈေးကွက်ကမောက်ကမဖြစ်ပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ အဆမတန် ခုန်တက်သွားခဲ့သလို လောင်စာဆီရှားပါးပြတ်လပ်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013