DVB Logo
Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးထိပ်ပိုင်းနေရာ ၁၅၀ ကျော် ဖြုတ်ထုတ်ခန့် ပြုလုပ်
DVB
·
February 26, 2024
၃ နှစ်ကျော်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးထိပ်ပိုင်းနေရာ ၁၅၀ ကျော် ဖြုတ်ထုတ်ခန့် ပြုလုပ်
Donate to DVB

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးထိပ်ပိုင်းနေရာတွေက လူပေါင်း ၁၅၂ ယောက်ကို စံချိန်တင် ခန့်အပ်၊ ထုတ်ပယ်၊ နေရာရွှေ့ခဲ့တယ်လို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်သူတွေကို စစ်ခေါင်းဆောင်က အပြောင်းအလဲ လုပ်ခဲ့တဲ့သူ တွေထဲမှာ ကောင်စီဝင်၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးကစလို့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် အဆင့်အထိ ပါနေပြီး ဒီလိုအခြေအနေက အာဖရိက အာဏာရှင်နိုင်ငံတချို့နဲ့ နှိုင်းယှဉ်လေ့လာစရာ ဖြစ်နေပြီး တော့ အခုအချိန်ထိ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံဟာ မငြိမ်သေးဘူးလို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ခုလိုအခြေအနေက ဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က လုပ်ခဲ့ကြတဲ့ ပြောင်းလဲပြင်ဆင်မှုတွေထက် ပိုများတာကြောင့် စံချိန်တင်တယ်လို့ ဆိုရမယ်လို့လည်း ISP Myanmar အဖွဲ့က ဆိုပါတယ်။ 

စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းခြင်းဖြစ်တယ်လို့ ပြောခဲ့သလို လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုခဲ့တဲ့အပြင် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကိုလည်း ကြေညာခဲ့တာပါ။

ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးရေး၊ ကိုဗစ်-၁၉ ကပ်ဘေး ကာကွယ်ရေး၊ စီးပွားရေး ပြန်လည်နာလန်ထူစေရေး၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်တွေကို ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပရေး ကိစ္စတွေကို ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်း နှစ်နှစ်ပြည့်ချိန် ၂၀၂၃ ခုနှစ်မှာတော့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ပြောင်းလဲခဲ့တဲ့အပြင် နိုင်ငံတည်ငြိမ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးတွေက ဦးစားပေးဖြစ်လာတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာတော့ နောက်တခါ ပြောင်းလိုက်ကာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာကို ရှေ့တန်းတင်ခဲ့ပေမဲ့ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို အခုထိ ကတိကဝတ်ပြု ပြောဆိုနိုင်တာ မရှိသေးပါဘူး။ 

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနှစ် အာဏာယူခဲ့ပြီး နောက်ပိုင်း ပေးထားတဲ့ ကတိတွေ အကောင်အထည်မပေါ်ခဲ့တာကြောင့် “ပုံမှန်မဟုတ်သည့် အခြေအနေ” ဆိုတဲ့ ဖွင့်ဆိုချက်နဲ့ စစ်ကောင်စီကို ခြောက်လချင်း သက်တမ်းတိုးခဲ့တာ ငါးကြိမ်ရှိခဲ့ပြီလို့လည်း ISP Myanmar အဖွဲ့က ထောက်ပြထားပါတယ်။

အာဏာသိမ်းပြီး စစ်ကောင်စီကို ဖွဲ့စည်းတဲ့အခါ ကောင်စီဝင်ထဲမှာ တပ်မတော်သား တဝက်၊ အရပ်ဘက် လူပုဂ္ဂိုလ်တဝက် ပုံဖော်ခဲ့ပေမဲ့ စုဖွဲ့ပုံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆန့်ကျင်ရေး (anti-NLD) အင်အားစုတွေ စုထားပုံနဲ့ ပိုတူတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို NLD အစိုးရရဲ့လုပ်ဆောင်မှုတွေကို မကျေလည်ဘဲ ရွေးကောက်ပွဲမတိုင်ခင် စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီထဲက ခေါင်းဆောင်တချို့လည်း အာဏာသိမ်းပြီးနောက်မှာ ကောင်စီဝင်တွေ ဖြစ်ခဲ့သလို ကောင်စီ ဆုံးဖြတ်ချက်တွေကို စစ်ခေါင်းဆောင်ကပဲ ချုပ်ကိုင်ထားမှာ သေချာသလောက် ရှိပေမဲ့ အနည်းဆုံးတော့ စုပေါင်း ဦးဆောင်မှုကို တစုံတရာပုံဖော်ချင်တယ်လို့ ယူဆနိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။ 

ဒါပေမဲ့ ၃ နှစ်အတွင်း စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းတာ ၄ ကြိမ်ရှိခဲ့ပြီး နေရာအပြောင်းအလဲ ၂၂ ကြိမ် အနားပေးခံရသူ ၁၅ ယောက်အထိ ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ ၁၁ ယောက်နဲ့ စတင် ဖွဲ့စည်းခဲ့ပြီး စစ်ဘက်က ၈ ယောက်နဲ့ အရပ် ဘက်က ၃ ယောက် ပါဝင်ပါတယ်။ တရက်အကြာမှာတော့ အရပ်ဘက် ၅ ယောက်၊ နောက်ထပ် တလကျော်အတွင်းမှာ အရပ်ဘက် ၂ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၁ ယောက်တို့ကို ထပ်တိုးပြီး စုစုပေါင်း ၁၉ ယောက် ဖြစ်လာပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ၁ ယောက်ကို ထပ်တိုးခန့်အပ်တာကြောင့် စုစုပေါင်း အယောက် ၂၀ ဖြစ်ခဲ့ပြီး စစ်ဘက်က ၁၀ ယောက်နဲ့ အရပ်ဘက်က ၁၀ ယောက်စီ ဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ်မှာတော့ တနှစ်ထဲ ၃ ကြိမ်အထိ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ပထမအကြိမ် ပြောင်းလဲမှုမှာ စစ်ခေါင်းဆောင်နဲ့ သဘောထားကွဲခဲ့တဲ့ ကောင်စီဝင် အရပ်ဘက် နိုင်ငံရေးသမား တချို့ကို အနားပေးပြီး လူသစ်တွေနဲ့ အစားထိုးတာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာလည်း ကောင်စီဝင် အရပ်သားတွေကို ထပ်မံအနားပေးခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ သက်တမ်းတိုးချိန်မှာ လူပြောင်းလူလဲ မရှိခဲ့ပါဘူး။ ဒီသုံးနှစ်အတွင်း စစ်ကောင်စီထဲမှာ ပါဝင်ခဲ့သူ ၃၃ ယောက် ရှိခဲ့ပြီးတော့ အဲဒီထဲမှာ ၈ ယောက်ကပဲ စတင်ချိန်ကနေ အခုအချိန်အထိ တသမတ်တည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်း ၃ နှစ်တာအတွင်း စစ်ကောင်စီဝင်အဖြစ်ကနေ ဖယ်ရှား လဲလှယ်ခံရသူတွေထဲမှာတော့ စစ်ဘက်က ၃ ယောက်နဲ့ အရပ်ဘက်က ၁၂ ယောက်ထိ ပါဝင်နေတာ ဖြစ် ပါတယ်။

ဝန်ကြီးဌာနအလိုက် ပြင်ဆင်ပြောင်းလဲမှုအများဆုံးကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖြစ်ပြီး ၈ ကြိမ်အထိ ပြင်ဆင်ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအလဲတွေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြီးရင် စွမ်းအင်၊ ဟိုတယ်နဲ့ခရီးသွားလာရေး၊ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့က ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ၃ ကြိမ်အထိ ပြောင်းလဲခဲ့တယ်လို့ ISP Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား စစ်မီး တောက်လောင်နေတာ ဖြစ်ပါတယ်။

Source/Photo-ISP-Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013