DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်လမ်းစဉ်မှတပါး တခြားမရှိဟု မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ ထုတ်ပြန်
DVB
·
February 25, 2024
လက်နက်ကိုင်လမ်းစဉ်မှတပါး တခြားမရှိဟု မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ ထုတ်ပြန်
Donate to DVB

နိုင်ငံရေးအာဏာကို ရယူဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရဖို့အတွက် လက်နက်ကိုင် တော်လှန်တဲ့ လမ်းစဉ်ကလွဲလို့ တခြားမရှိတာကြောင့် မွန်လူထုအားလုံး တိုက်ပွဲဝင်ကြဖို့ မွန်ပြည် ဖက်ဒရယ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တို့က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်လာကြတာဖြစ်ပြီး မွန်လူမျိုးတို့မှာ စီးပွားရေး၊ သမိုင်းကြောင်း၊ နယ်မြေဒေသ၊ လူဦးရေ၊ စာပေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ပြည့်စုံနေပေမဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် မရှိတဲ့အတွက် လက်နက်ကိုင်တော်လှန်တဲ့ နည်းလမ်းသာမက အစိုးရ အဆက်ဆက်နဲ့ အပစ်ရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးဆွေးနွေးမှုယန္တရားတွေ ပျက်သုဉ်းပြီး သူတို့အလိုကျ ချမှတ်ထားတဲ့ အခင်းအကျင်းအတိုင်း ဆွေးနွေးနေရသလိုနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်က ဝင်ရောက်နေရာယူထားတာ၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာရှိနေသမျှ အဓိပ္ပာယ် ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထုကို ကာကွယ်ဖို့၊ အမျိုးသားတန်းတူရေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်ဟူသမျှတို့ကို တိုက်ဖျက်တာတပါး တခြားနည်းလမ်း မရှိဘူးလို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ဟာ ပြည်တွင်း၊ ပြည်ပက မွန်လူမျိုးတို့ရဲ့ အင်အားကို ယုံကြည်အားပြုပြီး လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ နည်းလမ်းကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပြီး ဘယ်လိုဖိအားကမှ ရပ်တည်ချက်ကို ပြောင်းလဲပစ်မှာ မဟုတ်သလို ဘဝတူတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ရေမြေပိုင်စိုးခွင့် မရှိခဲ့ကြတဲ့ အခြေအနေကနေ အမျိုးမျိုးသော ဗိုလ်ကျစိုးမိုးတာနဲ့ ဖိနှိပ်ချုပ်ချယ်တွေကြောင့် မွန်လူမျိုးတွေ တိုင်းတပါးကို ထွက်ခွာနေကြရတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပြီး ဒီနေ့မှာတော့ အမျိုးသားလွတ်မြောက်ရေးနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် အချိန်အခါကောင်းတရပ်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ဟာ မွန်ပြည်တွင်းက နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့တွေ စုစည်းပြီး စုပေါင်းတည်ဆောက်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်သလို စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့လည်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ကို ဖွဲ့စည်းတည်ထောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးတော့ တခြားမွန်အမျိုးသားတပ်တွေ၊ မဟာမိတ်တပ်ပေါင်းစုက တပ်ဖွဲ့တွေနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ပွဲဖော်ဆောင်ဆင်နွှဲနေတယ်လို့လည်း ဆိုပါတယ်။

မွန်အမျိုးသားတွေရဲ့ နိုင်ငံရေးအာဏာကို ရယူရာမှာ လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကလွဲလို့ တခြားမရှိတာကြောင့် မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့အတူ တခြားတော်လှန်နေတဲ့ အင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013