DVB Logo
Home
မြန်မာသတင်း
မီဒီယာများ၌ အလုပ်သမားအရေးသတင်း ဖော်ပြချက်များကို စောင့်ကြည့်နေဟု စစ်ကောင်စီ ပြော
DVB
·
February 23, 2024
မီဒီယာများ၌ အလုပ်သမားအရေးသတင်း ဖော်ပြချက်များကို စောင့်ကြည့်နေဟု စစ်ကောင်စီ ပြော
Donate to DVB

ပြည်တွင်း၊ ပြည်ပ မီဒီယာတွေရဲ့ အလုပ်သမားအရေးသတင်း ဖော်ပြချက်တွေကို သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ပြီး စောင့်ကြည့်နေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးက ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တာဝန်ရှိသူတွေ၊ စက်မှုဇုန်ကော်မတီက တာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီ ၂၂ ရက်က ​ရန်ကုန်မြို့မှာ တွေ့ဆုံစဥ် အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတာကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း အပါအဝင် စက်ရုံ၊ အလုပ်ရုံတွေနဲ့ ဆက်စပ်တဲ့ အလုပ်သမားရေးရာ သတင်းတွေကို ဒီကာလအတွင်း ဖော်ပြနေတာနဲ့ ပတ်သက်လို့ သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး သတင်းတွေမှာ အလုပ်သမားရေးရာသတင်း တွေ့ရှိရင် ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ ပေါင်းစပ်အဖွဲ့တွေနဲ့ သတင်းပါ စက်ရုံ၊ အလုပ်ရုံတွေဆီ ချက်ချင်းသွားရောက် ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ စစ်ဆေးရေးအဖွဲ့တွေဟာ အလုပ်ရှင်ရဲ့ ထွက်ဆိုချက်ကိုသာ အတည်ပြု ရယူနေတာကြောင့် ထိရောက်မှုရှိမနေဘူးလို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အလုပ်သမားအရေး လှုပ်ရှားနေသူတဦးက “ရှေ့မှာလည်း အများကြီးကြုံရပါတယ်။ စစ်တာတော့ လာစစ်တယ်။ လာမှာကို အလုပ်ရှင်က ကြိုသိတယ်။ စက်ရုံမှာက တကယ် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ။ ဒါကို စက်ရုံဘက်က ဇာတ်တိုက်ထားတဲ့ အလုပ်သမားတွေနဲ့ ပေးတွေ့ပြီး အားလုံးအဆင်ပြေပါတယ် ပြောခိုင်းတယ်။ နောက်ရက်ကြတော့ ဒီစက်ရုံနဲ့ပတ်သက်လို့ ထွက်နေတဲ့ သတင်းတွေက မှားပါတယ်ဆိုပြီး ထုတ်ပြန်လိုက်တာချည်းပဲ” လို့ ပြောပါတယ်။

ဒီလလယ်ပိုင်းကလည်း လှိုင်သာယာမြို့နယ်ရှိ ရွှေသံလွင်စက်မှုဇုန်မှာ ဖွင့်ထားတဲ့ LIANFA အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုသတင်းတွေ ထွက်လာလို့ စစ်ဆေးရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့တာ ရှိပါတယ်။

စက်ရုံကို လာရောက်စစ်ဆေးမှာကို သတင်းကြိုရတာကြောင့် စစ်ဆေးရေးအဖွဲ့မလာခင် စက်ရုံလုပ်သားတွေကို ဖယ်ရီကားနဲ့ ခေါ်ထုတ် ရှောင်တိမ်းခိုင်းပြီး အလုပ်ရှင်အလိုကျ ထွက်ဆိုမယ့် အလုပ်သမား အနည်းငယ်ပဲ ကျန်ခဲ့တယ်လို့ အဲဒီစက်ရုံ အလုပ်သမားတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013