DVB Logo
Home
မြန်မာသတင်း
တေးသီချင်းဗီဒီယို ဆင်ဆာတင်ရမည်၊ မသင့်တော်သည့် သီချင်းများရိုက်ကူးသရုပ်ဆောင်ပါက အရေးယူမည် 
DVB
·
February 23, 2024
တေးသီချင်းဗီဒီယို ဆင်ဆာတင်ရမည်၊ မသင့်တော်သည့် သီချင်းများရိုက်ကူးသရုပ်ဆောင်ပါက အရေးယူမည် 
Donate to DVB

မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီးတော့ မောင်နှမသားချင်း၊ မိသားစုဝင်တွေ အချင်းချင်း ကြည့်ရှုဖို့တောင် မသင့်တော်တဲ့ တေးသီချင်းတွေကို ရိုက်ကူးထုတ်လွှင့်ပါက ရိုက်ကူး ထုတ်လုပ်တဲ့လူတွေ၊ သရုပ်ဆောင်တွေကို အရေးယူမယ်လို့  စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၁၃၊ ပုဒ်မ ၃၃ နဲ့ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၂၄၊ ပုဒ်မ ၃၂ နဲ့ ပုဒ်မ ၃၆ တို့အရ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ မှတ်တမ်းကား မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား၊ တေးသီချင်း၊ ကြော်ငြာတွေကို ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ညီညွတ်မှု ရှိမရှိ ကြည့်ရှုစစ်ဆေးတာ၊ ဖြတ်တောက်တာ၊ ပြုပြင်တာ၊ ခွင့်ပြု တာတွေကို ဆောင်ရွက်နေပြီး လိုက်နာမှု မရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တချို့သော တေးသီချင်းရိုက်ကူးထုတ်လွှင့်သူတွေက ထင်ပေါ် ကျော်ကြားမှုရရှိစေဖို့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုဖို့တောင် မသင့်တော်တဲ့၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ တေးသီချင်းတွေကို လူမှုကွန်ရက် စာမျက်နှာတွေမှာ ရိုက်ကူးထုတ်လွှင့်နေတာတွေကို တွေ့ရှိရတာကြောင့် အဆိုပါ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီးတော့ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ တေးသီချင်းတွေကို အရုပ်နဲ့အသံ ထွက်ပေါ်စေပြီးတော့ နည်းလမ်းမျိုးစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသတာတွေ ဆောင်ရွက်ခြင်းမပြုခင် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့တို့ဆီ တင်ပြပြီး စစ် ဆေးခွင့်ပြုချက်ရယူဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို တင်ပြခြင်းမရှိဘဲ ထုတ်လွှင့်ပြသတာတွေ ဆောင်ရွက်မယ်ဆိုရင်တော့ တည်ဆဲဥ ပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ  ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ခုလိုဆင်ဆာအဖွဲ့ကို တင်ခဲ့ရတာ မရှိခဲ့တာကြောင့် ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အရင်တုန်းက အာဏာရှင် ခေတ်က ဆင်ဆာအခြေအနေကို ပြန်ရောက်လာတာလို့ ဝေဖန်နေကြသူတွေလည်း ရှိနေ ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးခင် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဗီဒီယိုဆင်ဆာအဖွဲ့ဆီ အရင်ဆုံးတင်ပြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီထုတ်ပြန်ချက်ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှာ အသက်ဝင်မှာဖြစ်ပြီး  ပြန်ကြား ရေးနဲ့ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက အကြောင်းကြားထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013