DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် အိမ်သုံး နိုင်ငံခြားဆေးဝါးများ အဆမတန်ဈေးတက်နေသဖြင့် လူနာများ အခက်ကြုံ
DVB
·
February 22, 2024
ဟင်္သာတတွင် အိမ်သုံး နိုင်ငံခြားဆေးဝါးများ အဆမတန်ဈေးတက်နေသဖြင့် လူနာများ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်က ဆေးဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားဆေးတွေ အရင်ထက် နှစ်ဆကျော် ဈေးနှုန်း ပိုမိုမြင့်တက်လာလို့ နာတာရှည် ဝေဒနာရှင်တွေ အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဟင်္သာတမြို့နယ်မှာ အခု ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကစပြီး နိုင်ငံခြား ဆေးဝါးဈေးနှုန်းတွေ အရင်ထက် နှစ်ဆကျော်အထိ မြင့်တက်လာကာ အရင်က ငွေကျပ် ၄,၀၀၀ နဲ့သာ ဝယ်ယူရတဲ့ ဆေးဝါးတွေက လက်ရှိ ငွေကျပ် ၁၁,၀၀၀ ကျော်အထိ ဈေးတက်လာပြီး အခုလို နိုင်ငံခြားဆေးဝါးဈေးနှုန်းတွေ ပိုမိုမြင့်တက်လာတဲ့အတွက် ရေရှည် ဆေးသောက်နေရတဲ့ ကင်ဆာ၊ တီဘီ၊ ဆီးချို၊ ကျောက်ကပ် စတဲ့ နာတာရှည်ရောဂါသည်တွေဟာ ဆေးဝါး ဆက်လက်သောက်သုံးဖို့ အဆင်မပြေ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့မှ ဆီးချိုဝေဒနာရှင်တယောက်က “အခု ကိုယ်ဝယ်သောက်နေရတဲ့ဆေးတွေ တော်တော်ဈေးတက်လာတယ်။ တနေ့တခြားကို ဈေးက ထိုးတက်လာတာ။ ဆေးတကတ် အရင်က ၄,၀၀၀ လောက်နဲ့ ဝယ်သောက်နေတဲ့ ဆေးက အခု ၁၁,၀၀၀ လောက် ပေးဝယ်နေရတယ်။ ဒေါ်လေးတို့လို ရေရှည် ဆေးစွဲသောက်ရတဲ့သူတွေက အခုလို ဈေးအဆမတန်တွေနဲ့ ဝယ်သောက်နေရတော့ အခက်အခဲဖြစ်တယ်။ နောက်လည်း ဒီလို ထပ်ပြီး ဈေးတက်လာမယ်ဆို ဆေးဆက်သောက်နိုင်ဖို့တောင် မသေချာတော့ဘူး။ အသေခံရတော့မယ့်သဘောပဲ” လို့ ပြောပါတယ်။

အဲ့ဒီ နာတာရှည်ဝေဒနာရှင် အများစုဟာ ဆင်းရဲချို့တဲ့သူတွေ များပြီး အရင် စစ်တပ်က အာဏာမသိမ်းခင်အချိန်က ဝေဒနာရှင်တွေကို လူမှုကူညီရေးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပြည်စုံတဲ့ စေတနာရှင်တွေ စတဲ့သူတွေက အခမဲ့ ဆေးဝါးထောက်ပံ့လှူဒါန်းတာ ရှိပေမဲ့ အခု ထောက်ပံ့လှူဒါန်းတာတွေ မရှိတာကြောင့် ဆေးဝါးတွေကို ဝေဒနာရှင်တွေက ကိုယ်ထူ ကိုယ်ထ ဝယ်ယူသုံးစွဲနေရတဲ့အတွက် နာတာရှည် ချို့တဲ့ဝေဒနာရှင်တွေအဖို့ အခက်အခဲ အကျပ်အတည်း ရှိနေတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့မှ ကျောက်ကပ်ဝေဒနာရှင်တယောက်က “ဆေးဝါးဈေးတွေက ပြန်ကျတယ်လို့ကို မရှိတာ။ အမတို့လို နာတာရှည် ဝေဒနာရှင်တွေကို စာနာတဲ့စိတ်နဲ့ ဈေးမကစားဖို့ ပြောချင်တာ။ လုပ်ငန်းရှင်တွေအနေနဲ့ တဖက်က ပြည်သူလူထု အကျိုးကို စာနာ နားလည်ပေးပါလို့။ အကြောင်းတခုခုဆို ကုန်ဈေးနှုန်းကတက်ပြီ၊ ပြန်ကျတယ်မရှိဘူး။ ဆေးဝါးတွေကို ကြိုတင် ဈေးတင်ရောင်းတာမဟုတ်ဘဲ ကိုယ်ဝယ်ထားတဲ့ဈေးနဲ့ ရောင်းရမယ့်ဈေးကို ထိန်းချုပ်ပြီး အများပြည်သူ ဝယ်ယူနိုင်အောင် ရောင်းချပေးစေချင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ နိုင်ငံခြားဆေးဝါးတွေကို အိန္ဒိယကနေ ၇၅ ရာခိုင်နှုန်းအထိ မှာယူတင်သွင်း သုံးစွဲနေရသလို ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဂျာမနီ၊ ပါကစ္စတန်နဲ့ တူရကီ တို့ကနေလည်း မှာယူတင်သွင်း ပြန်လည်ရောင်းချနေရတယ်လို့ ဆေးဝါးရောင်းချသူတွေ ဆီကနေ သိရပါတယ်။

အခုလို ဆေးဝါးတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ အခြေအနေမျိုး အရင်က မဖြစ်ဘူးပဲ အာဏာသိမ်းပြီးနောက် ပြည်ပပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ၊ စစ်တပ်က ဒေါ်လာဈေးကို မထိန်းချုပ်နိုင်တာကြောင့် တရက်တခြား ဈေးတက်လာတာလို့ ဆေးဝါးသုံးစွဲသူ၊ ရောင်းချသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013